12.8.16

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု


ယနေ့ (သြဂုတ် ၁၀ ရက်) တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြီးခဲ့သည့် သြဂုတ် ၂ ရက်က မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်း တင်သွင်းခဲ့သည့် “နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈၈ ဦးအနက် ၃၇၀ ဦးက ထောက်ခံမဲပေးခဲ့ကြသည့် အတွက် ယင်းအဆိုကို ပြည်သူ့လွှတ်တော်၌ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါသည်။

ထိုသို့ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်း၏ အဆိုကို ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်၌ သြဂုတ် ၉ ရက်မှ ၁၀ ရက်ထိ ၂ ရက်တိုင်တိုင် ကိုယ်စားလှယ် ၃၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။
ထိုသို့ လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးမှ ဆွေးနွေးပြီးချိန်တွင် အဆိုနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ပါသည်။
ထိုသို့ ကော်မရှင်ဥက္ကဋ္ဌမှ တင်ပြမှု ပြီးဆုံးချိန်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုရှင်၏ သဘောထားကို မေးမြန်းရာတွင် အဆိုရှင်ဖြစ်သူ မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်းက အဆိုကို လွှတ်တော်၌ အတည်ပြုပေးရန် ပြန်လည် တင်ပြခဲ့ပါသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် မဲပေးခွင့်ရှိသူ ကိုယ်စာလှယ်ဦးရေ ၃၈၈ ဦး ရှိသည့်အနက် ၃၇၀ ဦးက ထောက်ခံမဲ ပေးသဖြင့် အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေငြာခဲ့ပါသည်။
ထို့ပြင် အာဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သတ်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို ယင်းဥပဒေအား စိစစ် လေ့လာ သုံးသပ်ပေးရန် ပန်ကြားခဲ့ပါသည်။
Credit To>>> Eleven Media Group

0 comments:

Post a Comment