12.8.16

တနိုင်းမြို့နယ်ရှိ ပယင်းမှော်လုပ်သားများကို တပ်မတော်က နေရပ်ပြန်ခိုင်း

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ် ထန်းဖရားလယ်ကွင်းများရှိ ပယင်းမှော်လုပ်သားများ ကို တပ်မတော်က နေရပ်ပြန်ခိုင်းထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါ ပယင်းလုပ်သားများကို လုံခြုံရေးအရဟုဆိုကာ နေရပ်ပြန်ခိုင်းသည့်အပြင် နေအိမ်တဲများကို မီးရှို့ဖျက်ဆီး၍ စွန့်ခွာစေခဲ့ကြောင်း တနိုင်းဒေသခံ ဦးနန်မိတ်က ပြောကြားသည်။

“ထန်းဖရားပယင်းမှော်မှာ မပြန်သေးဘဲ ရှိနေတဲ့လူတွေကို ပြန်ခိုင်းတာဖြစ်တယ်။ လယ်သမားတွေတော့ လုပ်လို့ရတယ်” ဟု ၎င်းက ရှင်းပြသည်။

ပယင်းမှော်ရပ်နားထားသော်လည်း အခြားနယ်များမှ လာရောက်လုပ်ကိုင်နေသည့် ပယင်းလုပ်သားများအနေနှင့် နေရပ်မပြန်ဘဲ ဆက်လက် နေထိုင်သူများကို ပြန်ခိုင်းခြင်းဖြစ်ကြောင်း တနိုင်းမြို့ သာယာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောပုန်က ပြောကြားသည်။

“ဘယ်တပ်ကဆိုတာတော့ အတိအကျမသိဘူး။ ပယင်းတူးသူတွေကို ပြန်ခိုင်းတာပါ။ ဒေသခံ လယ်သမားတွေက လုပ်ကိုင်လို့ရပါတယ်။ တဲတွေ မီးရှို့ခိုင်းတယ်ဆိုတာက အဲဒီတဲတွေမရှိမှ ပြန်ကြမှာလေ” ဟု ၎င်းကရှင်းပြသည်။

ဖားကန့်နှင့် တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့အကြား ယခုလအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အခက်ခဲဖြစ်ရကြောင်း မှော်လုပ်သားများနှင့် တနိုင်းဒေသခံများက ပြောဆိုသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment