12.8.16

ရေပိုင်နက် အငြင်းပွားမှုတွင် ဥပဒေအား လေးစားရန် ဖိလစ်ပိုင်နှင့်ဂျပန်က တရုတ်ကို တိုက်တွန်း

တောင်တရုတ်ပင်လယ်ရှိ နယ်မြေအများစုအား တရုတ်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်မှုသည် ဥပဒေကြောင်းအရ မညီညွတ်ဟု အပြည်ပြည်ဆိုင်ရာ ခုံသမာဓိတရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရာတွင် ဥပဒေကို လေးစားလိုက်နာရန် ဖိလစ်ပိုင်နှင့် ဂျပန်တို့က သြဂုတ် ၁၁ ရက်တွင် တရုတ်ကို ပူးတွဲတိုက်တွန်းခဲ့သည်။
ရေပိုင်နက်နှင့် ပတ်သက်၍ သီးခြားအငြင်းပွားမှု ဖြစ်ပွားနေသော တရုတ်ကို ရင်ဆိုင်နေရစဉ် ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီး ပါဖက်တိုယာဆေးတို့သည် ဖိလစ်ပိုင်တောင်ပိုင်းရှိ ဒါဗာအိုမြို့တွင် တွေ့ဆုံခဲ့ပြီး ရေပိုင်နက် လုံခြုံရေးအတွက် နှစ်နိုင်ငံအကြား အနီးကပ်ပူးပေါင်း လုပ်ဆောင်ကြရန် သဘောတူခဲ့သည်။
ရေပိုင်နက် လုံခြုံရေးအတွက် တရုတ်အနေဖြင့် ဥပဒေများကို အလျှော့ပေး ညှိနှိုင်းမှုမရှိဘဲ လုံးဝ လေးစားလိုက်နာ သင့်သည်ဟု ၎င်းတို့က တိုက်တွန်းခဲ့ကြောင်း ယာဆေးက ထုတ်ပြန်ခဲ့သည်။ အရှေ့တရုတ်ပင်လယ်ရှိ လူမနေသော ကျွန်းစုငယ်များနှင့် ပတ်သက်၍ ဂျပန်နှင့်တရုတ်တို့သည် ကာလရှည်ကြာ အငြင်းပွားနေပြီး ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်ရှိ ထပ်နေသောနယ်မြေနှင့် ပတ်သက်၍ ပိုင်ဆိုင်မှု အငြင်းပွားနေကြောင်း သိရသည်။
ထို့ပြင် အငြင်းပွားကျွန်းစုအနီး တရုတ်သင်္ဘောများက ငါးရက်ဆက်တိုက် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်သည် တရုတ်သံတမန် ချန်းယောင်ဟွာကို သြဂုတ် ၉ ရက်က ဆင့်ခေါ်ခဲ့ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။ ရေပိုင်နက်အငြင်းပွားမှု ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက် သင့်တော်သော နိုင်ငံများနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၏ ရေကြောင်းလုံခြုံရေး စွမ်းရည်တိုးမြှင့်နိုင်ရေးအတွက် ဂျပန်က ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်းလည်း ကီရှီဒါက ကတိပြုခဲ့သည်။ ဖိလစ်ပိုင်ကို ပေးအပ်မည်ဟု ဖိလစ်ပိုင်သမ္မတဟောင်း ဘီနစ်နိုအကွီနိုကို ကတိပြုထားသော ဂျပန်ကင်းလှည့်ရေယာဉ် အများအပြားသည် မနီလာသို့ ယခုလနှောင်းပိုင်းတွင် စတင်ရောက်ရှိမည် ဖြစ်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။
စစ်တပ်အင်အား ချည့်နဲ့သော ဖိလစ်ပိုင်သည် ဂျပန်၊ အမေရိကန်နှင့် သြစတြေးလျကဲ့သို့ မဟာမိတ်များနှင့် ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းနေသည်။ တရုတ်သည် ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တာကျောက်တန်းများတွင် စစ်လေယာဉ်ရုံများဟု ယူဆရသော အဆောက်အအုံများ တည်ဆောက်နေကြောင်း ရိုက်ကူးထားသော ဓာတ်ပုံများကို အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်ပေးခဲ့သည်။
သြဂုတ် ၁၁ ရက်က အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွား ကျွန်းစုအနီး ဂရိကုန်တင်သင်္ဘောနှင့် တိုက်မိပြီးနောက် နစ်မြုပ်ခဲ့သော တရုတ်ငါးဖမ်း သင်္ဘောမှ ပျောက်ဆုံးနေသည့် ငါးဖမ်းသမား ရှစ်ဦးကို ဂျပန်ကမ်း ရိုးတန်းစောင့်တပ်ဖွဲ့က ကင်းလှည့်ရေယာဉ် တစ်စင်းနှင့် လေယာဉ်တစ်စင်းတို့ဖြင့် ရှာဖွေခဲ့ကြောင်း၊ လူ ၁၄ ဦး လိုက်ပါလာသော ယင်း သင်္ဘောမှ လူခြောက်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဂျပန်က ထုတ်ပြန်ခဲ့သည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment