31.8.16

ကံစမ်းမဲဆန်ဆန် မက်ဆေ့ခ်ျ ၀န်ဆောင်မှုများ လုံးဝခွင့်မပြုတော့ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ အကြောင်းကြားပြီးဖြစ်

ကံစမ်းမဲဆန်ဆန် မက်ဆေ့ခ်ျ ၀န်ဆောင်မှုများကို လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
“အရင်က ယာယီရပ်ဆိုင်းခိုင်းထားတာ ဖြစ်ပေမယ့် အခုတော့ လုံးဝရပ်ဆိုင်းခိုင်းလိုက်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး အစီအစဉ်တွေကို ဆက်လုပ်ခွင့် မရှိတော့ပါဘူး။ ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် အူရီဒူးက စတင်ပြုလုပ်ခဲ့သော ခုဖြေခုထော အစီအစဉ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကာ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ၀င်ရောက် ကြီးကြပ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနောမြန်မာတို့ ပြုလုပ်နေသော အလားတူ အစီအစဉ်များကိုလည်း ရပ်ဆိုင်းခိုင်းထားပြီး ဥပဒေဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးခဲ့ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဇူလိုင် ၂၅ ရက် နေ့စွဲဖြင့် ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးသို့ မက်ဆေ့ခ်ျ ပေးပို့ခပိုယူ၍ ကံစမ်းမဲဆန်ဆန် ပြုလုပ်နေသော အစီအစဉ်များကို ယာယီရပ်ဆိုင်းထားရန် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ခုဖြေခုထော အစီအစဉ်နှင့် ပတ်သက်၍ အူရီဒူးမြန်မာ၏ သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၂၉ ရက်က အူရီဒူးရုံးချုပ် တည်ရှိရာ မြန်မာပလာဇာတွင် ကျင်းပခဲ့သည်။ အူရီဒူးအနေဖြင့် ၀င်ရောက်ကံစမ်းခဲ့သူ အားလုံးကို မက်ဆေ့ခ်ျပို့ခများ ပြန်လည် ဖြည့်သွင်းပေးခဲ့ကြောင်း ရှင်းလင်းခဲ့သည်။

ခုဖြေခုထော အစီအစဉ် ပြုလုပ်ခဲ့သော ရှစ်ရက်တာ ကာလအတွင်း နေ့စဉ်ဆုအတွက် ရှစ်ဦးနှင့် အပတ်စဉ်ဆုအတွက် တစ်ဦးတို့ကို ဆုချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မက်ဆေ့ခ်ျပို့ခ ပြန်အမ်းရာတွင် အဆိုပါ ဆုရရှိခဲ့သူ အားလုံးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အခြားအော်ပရေတာများ အနေဖြင့်လည်း အလားတူ အစီအစဉ်များကို ပြုလုပ်ခဲ့သော်လည်း အူရီဒူး၏ ခုဖြေခုထော အစီအစဉ်မှာ ပိုမိုအုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး အဆိုပါ ပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး အော်ပရေတာများမှ ပြုလုပ်ခဲ့သည့် ယင်းအစီအစဉ်များမှာ လောင်းကစားဆန်လွန်းကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group


0 comments:

Post a Comment