31.8.16

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် ကော်မရှင်၌ ပြည်တွင်းမှ တတ်သိ ပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့စည်းသင့်ကြောင်း ........


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာရောက်စေသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအားတိုက်တွန်းသည့် အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့လွှတ်တော်၌ တင်သွင်းသည်။

ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက နေပြည်တော်တွင် သြဂုတ် ၃၀ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန၏(၂၄.၈.၂၀၁၆)နေ့ သတင်းထုတ်ပြန်ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေပါသဖြင့် အဆိုပါ ကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို” ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဂါနာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကို တာဝန်ပေးအပ်မည်ဖြစ်ကာ လက်ဘနွန်နိုင်ငံသား မစ္စတာဂါဆန်ဆလမ်၊ နယ်သာလန်နိုင်ငံသူ မစ္စလက်တီတီရာ ဗန်ဒန်အာဆမ်တို့ကိုလည်း ပါဝင်ဖွဲ့စည်းမည် ဖြစ်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံခြား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ စသည့် နိုင်ငံတကာ အကူအညီဖြင့် ဆောင်ရွက်လိုသည့်အတွက် ကော်မရှင်အား နိုင်ငံခြားသားများကို ဦးဆောင်ပါဝင်စေခြင်းဖြင့် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခွင့် ပေးထားကြောင်း တွေ့ရှိရပြီး ထို့အပြင် ထုတ်ပြန်ကြေညာချက်၌ ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံ အကြောင်းအရာ အပါအ၀င် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရရှိကြောင်း ယခုကဲ့သို့ နိုင်ငံတော်၌ ပြဿနာကို ဖြေရှင်းရန် ခက်ခဲနေချိန်တွင် နောက်ထပ် ပြဿနာကြီးတစ်ခုဖြင့် မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်နေကြောင်း အဆိုရှင် ဦးအောင်ကျော်ဇံက ဆိုသည်။

ရခိုင်ဒေသ၏ သမိုင်းကြောင်း၊ ပကတိ အခြေအနေကို ထဲထဲဝင်ဝင် နားမလည်ဘဲ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပယောဂ ၀င်ရောက်ပူးကပ်နေသူများ ဦးဆောင်မည့် ကော်မရှင်သည် ပြည်တွင်းပြဿနာအား နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးခွင့် ရရှိသွားပါက နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုပါ ထိခိုက်လာနိုင်ကြောင်း အဆိုရှင်က တင်ပြသည်။

“မိမိနိုင်ငံ၏ ပြဿနာများကို နိုင်ငံတကာရှေ့မှာ အထုပ်ဖြေပြပြီး ကူပါ၊ ကယ်ပါ အော်နေခြင်းသည် အိမ်တွင်းရေးကို ပြင်ပလူများ ၀င်ရောက်စွက်ဖက် ခြယ်လှယ်နိုင်ရန် တံခါးဖွင့်ပေးလိုက်သည်နှင့်သာ တူပါတယ်။ မိမိတို့၏ အစွမ်းအစ၊ အရည်အသွေးကို မယုံကြည်ရာလည်း ရောက်ပါတယ်။ ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်သလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်လည်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒေသအခြေအနေမှာလည်း တည်ငြိမ်လျက်ရှိပြီးဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ပါက မူလအနေအထားသို့ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ဆွေးနွေး တင်ပြသည်။

ရခိုင်ပြည်နယ် အရေးသည် အမျိုးသား လုံခြုံရေး၊ နိုင်ငံ အချုပ်အခြာအာဏာ တည်တံ့ရေးနှင့် ပတ်သက်ပြီး အလွန်ထိလွယ်ရှလွယ် ဖြစ်သည့် အခြေအနေတွင် ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည့်အတွက် တိုင်းတစ်ပါးသားများ၏ အကြံဉာဏ် အကူအညီရယူခြင်းထက်၊ ညီနောင်တိုင်းရင်းသားများ အနေဖြင့်သာ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ပြဿနာကို အဖြေရှာ ဖြေရှင်းသင့်ကြောင်း အဆိုရှင် ဦးအောင်ကျော်ဇံက တိုက်တွန်းသည်။

“ယခင် အစိုးရ လက်ထက်က ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခအလွန် ကွင်းဆင်းပေးခဲ့တဲ့ နိုင်ငံသား နိုင်ငံရေး သမားများ၊ တတ်သိပညာရှင်များ အများအပြား ပါဝင်တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ၂၄.၄.၂၀၁၃ ရက်၌ တင်သွင်းတဲ့ အစီရင်ခံစာသည် ကျွန်တော်တို့အတွက် လွန်စွာ တန်ဖိုးရှိပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က တင်ပြတဲ့ အစီရင်ခံစာဟာ လပေါင်းများစွာ အချိန်ယူပြီး ခိုင်မာသော အချက်အလက် အထောက်အထားများဖြင့် တင်ပြထားသော အစီရင်ခံစာ ဖြစ်ပါတယ်။ ယခင် အစိုးရ အနေဖြင့် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်မှု နှေးကွေးခဲ့သဖြင့်သာ သိသာထင်ရှားတဲ့ အကျိုးရလဒ် မရရှိခဲ့ကြောင်း သိရပါတယ်။ အစိုးရသစ် အနေဖြင့် ကော်မရှင်အသစ် ဖွဲ့စည်းရန်ပင် မလိုဘဲနဲ့ ယခင်ကော်မရှင်ရဲ့ အကြံပြုချက်များကိုသာ အကျိုးရှိအောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ အကြံပြု တင်ပြလိုပါတယ်” ဟု အဆိုရှင်က တင်ပြသည်။

အဆိုရှင် ဦးအောင်ကျော်ဇံက “ဒီလို နိုင်ငံခြားသားတွေ ဦးစီးတဲ့ ကော်မရှင်ဟာ အကြံပေးရုံ သက်သက်ပဲ ဖြစ်တယ်။ ပေးတဲ့ အကြံ အကုန်လုံးကို မိမိတို့ အနေဖြင့် လက်ခံချင်မှ လက်ခံမယ်လို့ ပြောနိုင်ပေမယ့် မစ္စတာ ကိုဖီအာနန်လို ပုဂ္ဂိုလ်ရဲ့ အကြံပြုချက်များဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများကို သြဇာ လွှမ်းမိုးနိုင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားများ ဦးဆောင် ပါဝင်နေသည့်အတွက် ကော်မရှင်၏ လုပ်ဆောင်လာမည့် ကိစ္စရပ်များအပေါ် စိုးရိမ်ကြောင့်ကြမှု ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင်သိသည့် နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များ အများအပြားရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အရေးကြီး အဆိုအား ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက ထောက်ခံခဲ့ပြီး အဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးရန်လည်း ဆုံးဖြတ်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဘက်လိုက်မှုကင်းသည့်၊ လူအများ လေးစားသည့်၊ အတွေ့အကြုံ ရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသား ပုဂ္ဂိုလ်ခြောက်ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ အဆိုပါ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စသည် နိုင်ငံတကာ ဖိအားနှင့် ပါဝင်ပတ်သက်မှု ရှိနေခြင်းကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် ကိုဖီအာနန် ဦးဆောင်သည့် ပြည်ပပညာရှင်များ ထည့်သွင်းရခြင်း ဖြစ်ကြောင်းနှင့် လုပ်ပိုင်ခွင့်မှာ အကြံပေးရုံသာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းပြောကြားထားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment