31.8.16

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ကလေးငယ်များတွင် အာဟာရချို့တဲ့မှု ပြဿနာမှာ အကြီးမားဆုံး ဖြစ်လာ


နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ကလေးငယ် အများစုသည် အာဟာရ ချို့တဲ့မှု ပြဿနာကို အကြီးမားဆုံး ရင်ဆိုင်နေကြရပြီး ၀က်သက်နှင့် အခြား ကူးစက်ရောဂါများကြောင့် သေဆုံးရခြင်းမှာလည်း အာဟာရ နည်းပါး၍ ကိုယ်ခံအား ကျဆင်းမှုကြောင့် အဓိက ဖြစ်သည်ဟု သိရှိရသည်။  
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာဆိုရင် အာဟာရက လိုအပ်နေဆဲပါ။ ကလေးငယ်တွေက အာဟာရပြတ်တဲ့သူ တော်တော်များတယ်။ ဟိုနေ့က အာဟာရ တိုင်းတာရေး အဖွဲ့က ကလေးငယ် ၁၀ ယောက်ကို အာဟာရနဲ့ ပတ်သက်ပြီး စစ်ဆေးကြည့်တော့ ကလေးငယ်တွေရဲ့ အာဟာရ ပြတ်လပ်မှုက အဆိုးဆုံး အဆင့် အနီပြနေတာ လေးယောက်ရှိတယ်၊ အ၀ါပြတဲ့ အဆင့်က တော်သေးတယ်ပေါ့။ အာဟာရ ပြည့်ပြည့်၀၀ ရှိတဲ့သူတွေ ဆိုရင် အစိမ်းပြတယ်။ အဲဒီလို အစိမ်းပြတဲ့သူ ၁၀ ယောက်မှာ တစ်ယောက်မျှ မရှိပါဘူး။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ အာဟာရ ပြည်ပြည့်၀၀ ရရှိတဲ့ ကလေးငယ် တစ်ယောက်မျှ မရှိဘူးလို့ ဆိုလိုတာပေါ့။ အဓိက ကတော့ ရောဂါဖြစ်တာကလည်း ဖြစ်တာပေါ့ဗျာ။ အာဟာရ မရှိတော့ လူက ခံနိုင်ရည် မရှိကြဘူး။ ဒီလိုဆိုတော့ ရောဂါ နည်းနည်းပြင်းထန်တယ်ဆိုရင် သေကြတာပါ။ နဂိုကတည်းက ကလေးငယ်တွေက အာဟာရချို့တဲ့နေကြတာလေ။ ရိုးရိုး သာမန် ဖျားတာတောင် ခံနိုင်တာ မဟုတ်ဘူး။ လူ လေး၊ ငါး၊ ၆၀ သေသွားတဲ့ အထဲမှာ စစ်ဆေးတွေ့ရှိချက်အရ ၀က်သက်ရောဂါနဲ့က အယောက် ၂၀ ပဲ တွေ့တယ်လို့ ထုတ်ပြန်ထားတယ်။ ကျန်တာက အခြားရောဂါနဲ့ အာဟာရချို့တဲ့လို့ ဖြစ်တာပါ။ ၀က်သက်နဲ့ အတည်ပြုတာက ၂၀ ပဲ။ အခြားရောဂါဆိုတဲ့ နေရာမှာ အခြားရောဂါက ပိုများနေတယ်။  အာဟာရ ချို့တဲ့တာလည်း ပါတယ်။ ဆန်မှ မစားရတာ နှစ်နဲ့ချီ ရှိပြီဆိုတော့ ဒီကလေးတွေက ဘယ်လိုလုပ် အာဟာရ ပြည့်ဝမှာလဲ။ စားရတာကလည်း ပြောင်းဖူးပဲ စားနေရတာ။ ပြောင်းဖူး ဆိုတာကလည်း မလောက်မင။ အပြင်က သစ်ဥသစ်ဖုတွေ ကောက်ပြီး ပီလောပီနံ အခြောက်လှမ်းထားတာနဲ့ ဆန်ပြုတ်လို ပြုတ်စားကြရတာ။ ဟင်းရယ် ထမင်းရယ် သီးသန့် မဟုတ်ဘဲနဲ့ ဖြစ်သလို စားသောက်နေရတဲ့ ဘ၀။ ကျွန်တော်တို့ နယ်ဘက်က အတော်လေးကို ဆိုးကိုဆိုးတယ်။ တိုင်းဒေသကြီးရော လူကယ်ပြန်ရော ထောက်ပံ့ပေးထားတာ ရှိပါတယ်။ ဆန် ၃၂၅၈ အိတ်ချပေးပါတယ်။ ကျွန်တော်တို့လည်း ဖြန့်ဝေနေပါပြီ” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဂဦးစီးမှ စီးပွားရေး တာဝန်ခံ ကိုရိထင်က ပြောကြားသည်။

အဆိုပါ နာဂဒေသနှင့် ပတ်သက်၍ “ထိုဒေသများသည် ဖွံ့ဖြိုးတိုးတက်မှု မရှိကြောင်း၊ အစားအသောက် ရိက္ခာနည်းပါးကြောင်း၊ ထို့ကြောင့် ရောဂါများ ဖြစ်ပွားလာသောအခါ ရောဂါဒဏ်ကိုလည်း မခံနိုင်ကြောင်း၊ ထို့ကြောင့် ကလေးငယ်များအား ဗီတာမင်နှင့် အာဟာရမှုန့် တိုက်ကျွေးခြင်း၊ နှစ်နှစ်မှ ကိုးနှစ် ကလေးငယ်များကို သန်ကျဆေးတိုက်ခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကုသရေးဦးစီးဌာနမှ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများ ပါဝင်သည့် ဆေးအဖွဲ့များက ကျေးရွာများသို့ ကွင်းဆင်းကုသခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ နေရာဒေသအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် မော်တော်ဆိုင်ကယ်များဖြင့် သွားရကြောင်း၊ ယခု အချိန်တွင် နန်းယွန်းနှင့် အဆက်အသွယ်ရအောင် ၀န်ကြီးဌာန အနေဖြင့် အိုင်ကွန်စကားပြောစက်များ ပေးပို့ရန် ဆောင်ရွက်ထားကြောင်း” အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပဉ္စမအကြိမ် သတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားခဲ့သည်။

“နာဂဒေသ ဆိုတာက မြန်မာနိုင်ငံ အတွင်းမှာ ဆင်းရဲမွဲတေမှု အများဆုံး၊ ငတ်မွတ်ခေါင်းပါးမှု အကြီးမားဆုံး ဒေသတစ်ခုပါ။ သူတို့ဒေသမှာ အဓိက တောင်ယာလုပ်ပြီး စားသောက်ကြတာ များပါတယ်။ တစ်နှစ်ပတ်လုံး တောင်ယာကရတဲ့ ဟာလေးနဲ့ စားတာ။ ရာသီဥတု ဖောက်ပြန်မှုကြောင့် တောင်ယာတွေ ပျက်စီးလာတော့ ရရာ အစားအစာကိုပဲ စားရတော့ အာဟာရဓာတ် ချို့တဲ့လာတာ နှစ်နဲ့ ချီနေပါပြီ။ ဒီနှစ်တော့ ကပ်ရောဂါပါ တွဲလာတော့ အသေအပျောက် များတာပေါ့” ဟု နာဂဒေသ ခံတစ်ဦးက ပြောကြားသည်။

ထို့အတူ နာဂတောင်တန်းပေါ်တွင် နေထိုင်ကြသော နာဂရိုးရာ အိမ်များကို ကျန်းမာရေးနှင့် ညီညွတ်သော၊ လေ၀င်လေထွက် ကောင်းမွန်သော အိမ်များ ဖြစ်စေရန်အတွက် ပြတင်းပေါက်များ ထပ်ထည့်ရန်နှင့် လေ၀င်လေထွက် ကောင်းမွန်အောင် ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီး အဆိုပါ ကိစ္စကို နာဂ စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ (ဗဟို) မှ ဦးဆောင်၍ ဆောင်ရွက်သွားမည်ဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောကြားသည်။    
Credit To>>> Eleven Media Group

0 comments:

Post a Comment