31.8.16

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားချိန်မှ လက်ရှိအချိန်အထိ စာချုပ်နှင့် ပတ်သက်၍ ပြန်လည်စိစစ်ခြင်း၊ အကြံပေးခြင်းတို့ မပြုလုပ်ရသေးကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူ ပြောကြား

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားချိန်မှစပြီး လက်ရှိအချိန်အထိ မြစ်ဆုံစီမံကိန်း စာချုပ်နှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ခြင်း၊ အကြံပေးခြင်းတို့ မပြုလုပ်ရသေးကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီးပွားရေး စာရွက်စာတမ်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။
နေပြည်တော်ပြန်ကြားရေး ၀န်ကြီးဌာနတွင် သြဂုတ် ၃၀ ရက်က ပြုလုပ်သည့် ၀န်ကြီးဌာန လေးခု၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“စာချုပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ သက်ဆိုင်ရာ ဌာနနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ လျှို့ဝှက်ချက်တွေ ဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ ထုတ်ဖော်ပြောကြားခွင့် မရှိပါဘူး။ ကျွန်မတို့ အပိုင်းကတော့ သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ညီ၊ မညီ နိုင်ငံတော်အတွက် လိုအပ်ချက်တွေကို ထောက်ပြ အကြံပြုခဲ့ပါတယ်။ လိုက်နာဆောင်ရွက်ရမယ့် အပိုင်းကတော့ ၀န်ကြီးဌာနကပဲ ရှိပါတယ်။ ဆိုင်းငံ့ထားတဲ့ ကာလကနေ အခုအချိန်ထိကတော့ စေ့စပ်ညှိနှိုင်းဆဲ အဆင့်မှာပဲ ရှိနေတဲ့အတွက် ဒါကို ပြင်ဆင်ချုပ်ဆိုဖို့ ဆိုတာ အခုထက်ထိတော့ မလာသေးပါဘူး” ဟု ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက် အသေးစိတ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကသာ ပြောကြားနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် နိုင်ငံတော် အကျိုးစီးပွားအတွက် ဥပဒေနှင့် ညီမညီသာ စိစစ်ပေးရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီးနောက် အပတ်စဉ် အစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်က ယင်းကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ အဆိုပါ ကော်မရှင်တွင် ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်ထားပြီးဖြစ်ကာ ၎င်းက မကြာခင် ပြောသင့်သည်များကို အသိပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ MoU စာချုပ် လ ၃၀ ချုပ်ဆိုပြီးနောက် တရုတ်နိုင်ငံနှင့် ညှိနှိုင်းကာ ၂၀၀၉ ခုနှစ်တွင် MoA ချုပ်ဆိုခဲ့ကြောင်း၊ ထို့နောက် ဖက်စပ်စာချုပ် ချုပ်ခဲ့ပြီး စာချုပ်မူကြမ်း အဆင့်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တာဝန်အဖြစ် စိစစ်ပေးခဲ့ရကြောင်း ဒေါက်တာကြည်ကြည်သာအောင်က ပြောကြားသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment