11.8.16

၂၁ရာစု ပင်လုံညီလာခံသို့ ရွေးကောက်ပွဲမနိုင်သော နိုင်ငံရေးပါတီများမှ ငါးဦးတက်ရောက်ခွင့်ပြုမည်

၂၁ရာစု ပင်လုံညီလာခံအစည်းအဝေးသို့ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်နေရာမှ အနိုင်ရခြင်းမရှိသော နိုင်ငံရေးပါတီများအတွက် ကိုယ်စားပြု ငါးဦး တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ထံမှ သိရသည်။
ဩဂုတ် ၃၁ ရက်တွင် ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံအစည်းအဝေးသို့ အစိုးရနှင် လွှတ်တော် ၁၅၀၊ တပ်မတော်သားကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ နှင့်အခြားပါဝင်ထိုက်ပါဝင်သင့်သူ ၅၀ စုစုပေါင်း ၇၀၀ တက်ရောက်သွားမည်ဖြစ်သည်။

“၂၁ရာစုပင်လုံညီလာခံအစည်းအဝေးမှာ လွှတ်တော်ကိုရောက်ရှိတဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုပဲ တက်ခွင့်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုထားပြီးဖြစ်တယ်။ အခုတော့ ပြည်သူရွေးချယ်ခြင်းမခံရတဲ့ နိုင်ငံရေးပါတီကိုယ်စားပြု ငါးဦးကို တက်ရောက် ခွင့်ပြုသွားမှာပါ”ဟု ဦးခွန်မောင်သောင်းက ပြောသည်။

အလားတူ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၉၀ကျော်ခန့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တစညပါတီ၊ မွန်အမျိုးသားပါတီ၊ ၀ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ စသည့်ပါတီများသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

“ဆွေးနွေးနေပါတယ် လွှတ်တော်မရောက်တဲ့ နိုင်ငံရေးပါတီတွေ တက်ခွင့်ရဖို့ UPDJC အစည်းအဝေးပြီးမှ အတည်ဖြစ်မှာပါ”ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) အဖွဲ့ဝင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။

အလားတူ ၂၁ရာစု ပင်လုံညီလာခံ၌ လွှတ်တော်သို့ ရောက်ရှိသော နိုင်ငံရေးပါတီများသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထားပြီး ဖြစ်ကြောင်းသိရသည်။

“၂၁ရာစု ပင်လုံညီလာခံမှာ လွှတ်တော်မရောက်တဲ့ နိုင်ငံရေးပါတီတွေရဲ့ အသံတွေကို ဆွေးနွေးခွင့်ပြုသင့်တယ်”အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က ဆိုသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment