26.8.16

မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု ထပ်မံလှုပ်နိုင်ကြောင်း ထိုင်းပညာရှင်တစ်ဦး သတိပေး


သြဂုတ် ၂၄ ရက် ငလျင် အပြီးတွင် မြန်မာနိုင်ငံ၌ နောက် ထပ် အနည်းဆုံး ရစ်ခ်ျတာစကေး ၇ ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေရှိကြောင်း ထိုင်း နိုင်ငံမှ ဝါရင့်ဘူမိဗေဒပညာရှင် ဆူဝစ်ခိုဆူဝမ်က သတိပေးပြော ကြားလိုက်သည်။

အဆိုပါ ငလျင်သည် အနည်း ဆုံးပြင်းအား ရစ်ခ်ျတာစကေး ၇အထိရှိနိုင်ကြောင်း ဆူဝစ်ခိုဆူ ဝမ်က ဆိုသည်။ ဩဂုတ် ၂၄ ရက်ငလျင်ကမူ ပြင်းအားရစ်ခ်ျတာစ ကေး ၆ ဒသမ ၈ ရှိခဲ့သည်။ ငလျင်ကြီးတစ်ခုအပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ဆက်လှုပ်နိုင်ရာ ထိုင်းနိုင်ငံ၏ သတ္တုသယံဇာတဌာနက နောက်ဆက် တွဲ ငလျင်ငယ်များ ထိုင်းဘက်တွင် သက်ရောက်ခံစားရနိုင်ကြောင်း ကြေညာထားသည်။

အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များနှင့် ဆက်စပ်မှုမရှိဘဲ သီးခြားအင်အားကြီး ငလျင်ကြီးတစ်ခုလှုပ်နိုင်ကြောင်း ဆူဝစ်က မှတ်ချက်ပေးခဲ့သည်။ ဆူဝစ်သည် ယင်းဌာန၏ ပြတ်ရွေ့များ လှုပ်ရှားနိုးကြားမှုဆိုင်ရာ စောင့်ကြည့်မှု ဌာနခွဲ၏ အကြီးအကဲလည်း ဖြစ် သည်။

အကယ်၍ ထိုကဲ့သို့ အင်အားပြင်းထန်သော ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်း ဘက်တွင်ပါ သက်ရောက်ခံစားရနိုင်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ဘန်ကောက်မြို့တော်ရှိ အထပ်မြင့်တိုက်တာများ၊ မြောက် ပိုင်းဒေသများဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်၊ မဲဟောင်ဆွန်နှင့် တက်ခ် ဒေသများတွင် သိသာသည့် သက် ရောက်မှုရှိနိုင်ကြောင်း ဆူဝစ်က သတိပေးသည်။

ထိုင်းဘူမိဗေဒပညာရှင်များသည် ဩဂုတ် ၂၄ ရက် ငလျင်ကိုဖြစ်ပေါ်စေသည့် အာရကန် ပြတ်ရွေ့ကြောနှင့်ပတ်သက်၍ အလေး အနက် စောင့်ကြည့်နေသည်။ ငလျင် နောက်ဆက်တွဲအဖြစ် ရစ်ခ်ျတာစကေး ၅ ဒသမ ၁ မှ ၆ အတွင်းရှိ နောက်ဆက်တွဲ ငလျင်ငယ် မျိုးလှုပ်လာနိုင်ကြောင်း ဆူဝစ်က ပြောကြားထားသည်။

ထိုငလျင်မတိုင်မီ အားနည်း သည့် ရှေ့ပြေးငလျင်ငယ် သုံးခု လှုပ်ခတ်ခဲ့ပြီး ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်များ မဖြစ်ပေါ်သေးသည်မှာ ထူးဆန်းနေကြောင်းလည်း ဩဂုတ် ၂၅ ရက်တွင် ဆူဝစ်က မှတ်ချက်ပေးခဲ့ သည်။ သတ္တုသယံဇာတဌာန ညွှန်ကြားရေးမှူး မောင်ထရီးလျူအန် အင်တတ်ဆုက ထိုင်းမြောက်ပိုင်း တွင် မြေအောက်လွှာလှုပ်ရှားမှု များကို အာဏာပိုင်များက နိုးနိုးကြားကြားစောင့်ကြည့်နေကြောင်း အတည်ပြုခဲ့သည်။

နောက်ဆက်တွဲ ငလျင်ငယ်များမလှုပ်ခတ်ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒပညာရှင် ဒေါက် တာကျော်ထွန်းကလည်း ‘‘အဲဒီလောက်ပြင်းတဲ့ ငလျင်လှုပ်ရင် နောက်ဆက်တွဲလာကို လာရမယ်။ အခုက မလာဘူးဆိုတာကို အံ့သြနေတာ။ ကျွန်တော်တို့ ပညာရှင်ချင်းပြောဆိုနေကြတာလည်း အဲဒီအကြောင်းပဲ။ အခု နောက်ဆက်တွဲ မလာသေးဘူးဆိုတော့ အကြီးကြီးလာဖို့ ရှေ့ပြေးလာတာလားပေါ့။ ပညာရှင်တွေက ဒီလိုပဲ စဉ်းစားကြမှာပဲလေ။ သူတို့လည်း ဒါကို စိုးရိမ်ကြတာ။ အကယ်၍ နောက်ထပ်လှုပ်မယ်ဆို ဘယ်မှာ လှုပ်မလဲပေါ့။ အားလုံးသံသယရှိနေတာက ဘင်္ဂလားပင်လယ်အော်ထဲမှာ အိန္ဒိယ မြေထုချပ်နဲ့ မြန်မာမြေထုချပ်ဆုံတဲ့ နေရာ။ အဲဒီနေရာသာ လှုပ်ခဲ့ရင် ဆူနာမီ ကြောက်ရတယ်။ ရခိုင်ကမ်းရိုးတန်းအတွက် သတိထားရမယ်’’ဟု ဆိုသည်။

အိန္ဒိယမြေထုချပ်နှင့် မြန်မာ မြေထုချပ်ဆုံသောနေရာမှ ပြတ် ရွေ့ကို မြန်မာနိုင်ငံတွင် စစ်တွေ ပြတ်ရွေ့ဟုခေါ်ဆိုပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံက စစ်တကောင်းငလျင် ဟု သတ်မှတ်ထားသည်။ အင် အားပြင်းငလျင်အနေဖြင့် ၁၇၆၂ က နောက်ဆုံး လှုပ်ခဲ့ကြောင်း ဒေါက်တာကျော်ထွန်းက ပြော သည်။

ပြင်းအား ၆ ဒသမ ၆ ရစ်ခ်ျတာ စကေးရှိ သပိတ်ကျင်း ငလျင် နောက်ပိုင်း အင်အားသေးငယ် သော ငလျင်များ ရာချီလှုပ်ခဲ့ပြီး မိုးညှင်းမြို့အနီး ဗဟိုပြု၍ ယခုနှစ် ဧပြီအတွင်းက လှုပ်ခဲ့သော ငလျင်မှာလည်း နောက်ဆက်တွဲငလျင် ငါးကြိမ်ထက်မနည်းလှုပ်ခဲ့သည်။

သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်သည် မြေအနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်သွားခဲ့သည်။ အင်အားပြင်းငလျင်ဖြစ်သော်လည်း သြဂုတ် ၂၅ ရက် ည ၉ နာရီခန့်အထိ နောက်ဆက်တွဲငလျင်မလှုပ်သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။ နောက်ဆက်တွဲ ငလျင်ငယ်လေးများ မလှုပ်ရခြင်းမှာ မြေအနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်သွားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး စောင့်ကြည့် လေ့လာရန် လိုအပ်နေသေးကြောင်း ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ သြဂုတ် ၂၅ ရက်ည

၁၀ နာရီ ၄၆ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄ အဆင့် အင်အား အနည်းငယ်ရှိ မြေငလျင် တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည်။ သြဂုတ် ၂၄ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နောက်ပိုင်း ပထမဆုံးလှုပ်ခတ်သည့် နောက်ဆက်တွဲငလျင်ဖြစ်သည်။

ငလျင်မှာ ဒေသတွင်းရှိနေ သော တွန်းတင်ပြတ်ရွေ့ကြောင့် ဟု မိုးဇလဌာနက သုံးသပ်ထား ပြီး မြန်မာနိုင်ငံမြေငလျင်ကော်မ တီကမူ လေ့လာနေဆဲဖြစ်၍ တိတိကျကျ မပြောနိုင်သေးကြောင်း ပြောသည်။ ဘူမိဗေဒ ပညာရှင် များက အဆိုပါ ငလျင်မှာ ရခိုင် ပြည်နယ်မြေလွှာထုအောက်တွင် ရှိနေသော SUNDA ပြတ်ရွေ့ (သို့ မဟုတ်)တုရင်တောင်ပြတ်ရွေ့ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း သုံး သပ်ထားသည်။ မြန်မာနိုင်ငံမြေ ငလျင်ကော်မတီတာဝန်ရှိသူများ က ငလျင်ဗဟိုပြုရာနေရာကို သြ ဂုတ်လကုန်ခန့်တွင် သွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘တကယ်လို့ မြန်မာဘက်ကငလျင်ဟာ ဘုရားသုံးဆူနဲ့ သီရိ ဆာဝတ် ပြတ်ရွေ့ကြောတွေကို သက်ရောက်မှုရှိခဲ့မယ်ဆိုရင် ကန် ချနာဘူရီက စကျင်ကျောက်သား တောင်စောင်းဒေသတွေမှာ မြေ ကျွံချိုင့်တွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျောက်ဂူတွေ ပြိုကျတာမျိုးကို သတိထားဖို့လိုပါတယ်’’ ဟု ဆူဝစ်က ပြောကြားခဲ့သည်။
Credit To>>> 7 Day Daily

0 comments:

Post a Comment