26.8.16

ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ လူငယ်ဦးရေ တိုးပွားမှုနှုန်း စိုးရိမ်စရာကောင်း လောက်အောင် မြင့်တက်လာနေဟု ILO ပြော


ကမ္ဘာတစ်ဝန်းလုံးမှာ လက်ရှိ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ လူငယ်အရေအတွက်ဟာ ယခုနှစ်အတွင်း ယခင်နှစ်ကထက် ၅၀၀,၀၀၀ ကျော်တိုးပွားလာခဲ့ပြီး စုစုပေါင်းဦးရေ ၇၁ သန်းထိ ရောက်ရှိလာတော့မယ်ဆိုပြီး ကုလအဖွဲ့အစည်းက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ယင်းဦးရေပမာဏဟာ သုံးနှစ်အတွင်း အမြင့်ဆုံးနှုန်းထားလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ အလုပ်သမားအေဂျင်စီက ထုတ်ပြန်တင်ပြတဲ့ အစီရင်ခံစာသစ်အရတော့ ကမ္ဘာတစ်ဝန်း လူငယ်အလုပ်လက်မဲ့ဖြစ်မှုနှုန်းဟာ ၂၀၁၆ ခုနှစ်မှာ ၁၃ ဒသမ ၁ ရာခိုင်နှုန်းထိ ရောက်ရှိနိုင်ပြီး ယခင်နှစ်က ၁၂ ဒသမ ၉ ရာခိုင်နှုန်းထိက သိသိသာသာ မြင့်တက်နိုင်မယ်လို့ ခန့်မှန်းထားတာကိုတွေ့ရပါတယ်။

ခုလိုမျိုး လူငယ်တွေအလုပ်လက်မဲ့ဖြစ်မှုနှုန်း များလာတာရဲ့ နောက်ကွယ်မှာတော့ လူသုံးကုန်ပစ္စည်းပို့ကုန်ပိုင်းအပေါ် အားထားနေရတဲ့ ထွန်းသစ်စနိုင်ငံတစ်ချို့မှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးပျက်ကပ်တွေက မှန်းထားတာထက်ပိုဆိုးနေတာကြောင့် ဖြစ်သလို ဖွံ့ဖြိုးပြီး နိုင်ငံတစ်ချို့မှာလည်း တိုးတက်မှုနှုန်း အားရစရာမကောင်းလှတာကြောင့်လည်းဖြစ်တယ်လို့ နိုငငံတကာအလုပ်သမားအဖွဲ့အစည်း ILO ရဲ့ အကြီးတန်း စီးပွားရေးပညာရှင် Steven Tobin က ထောက်ပြသွားပါတယ်။

ဒါပေမယ့်လည်း အလုပ်အကိုင် အခြေအနေတွေကတော့ လာမယ့် ၂၀၁၇ ခုနှစ်ထဲမှာ တည်ငြိမ်သွားနိုင်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီး ILO က ထုတ်ပြန်ပါတယ်။

လက်ရှိ ကမ္ဘာပေါ်က အာရတ်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ပထ၀ီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကြောင့်လည်း ယင်းနိုင်ငံတွေက လူငယ်အလုပ်လက်မဲ့ဖြစ်မှုနှုန်းဟာ အမြင့်ဆုံးဖြစ်နေပြီး ကမ္ဘာ့စုစုပေါင်းပမာဏရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့လည်း သိရပါတယ်။

ယင်းဒေသတွင်းက ရေနံတင်ပို့တဲ့နိုင်ငံတွေဖြစ်ကြတဲ့ အိုမန်၊ ကာတာနဲ့ဆော်ဒီနိုင်ငံတွေက လူငယ်တွေဟာဆိုရင် နှေးကွေးလေးလံနေတဲ့ စီးပွားရေးတိုးတက်မှုအခြေအနေတွေနဲ့ ဘဏ္ဍာရေးမူဝါဒတွေအောက်မှာ အဆိုးရွားဆုံးအလုပ်လက်မဲ့ဖြစ်မှုနဲ့ ရင်ဆိုင်သွားရဖို့ရှိနေတယ်လို့လည်း ခန့်မှန်းသွားခဲ့ပါတယ်။

Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment