2.9.16

ရေနံဈေးကျနေလို့ ထုတ်လုပ်မှုကန့်သတ်ဖို့ အိုပက်အဖွဲ့အတွင်း ၀ိုင်းဝန်းလုပ်ဆောင်နေ


လက်ရှိ ကမ္ဘာ့ရေနံဈေးတွေ ကျဆင်းနေလို့ ရေနံထုတ်လုပ်မှုပိုင်းမှာ ထိန်းကွပ်ညှိနှိုင်းနိုင်ဖို့ အိုပက်အဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်သွားဖို့ရှိနေပေမယ့်လည်း အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှုကနေ လွတ်မြောက်လာတဲ့ အီရန်ကတော့ ယင်းရဲ့ ထုတ်လုပ်မှုကို ထပ်ကာထပ်ကာ တိုးပြီး ထုတ်လုပ်နေခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ယခုဆိုရင် ယင်းနိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ တစ်နေ့ကို စည်ပေါင်း၂ ဒသမ ၁ သန်းထိ မြင့်တက်လာနေပြီး အရေးယူပိတ်ဆို့မှုမတိုင်ခင်ကရပ်တည်ခဲ့တဲ့ အိုပက်အဖွဲ့ရဲ့ နံပါတ်နှစ် ရေနံအများဆုံးထုတ်လုပ်သူနိုင်ငံနေရာကို ပြန်လည်ရယူဖို့အထိတောင်နီးစပ်လာနေပါပြီလို့ သိရပါတယ်။

" ကျွန်တော်တို့ရဲ့ ရေနံ ထုတ်လုပ်မှုကို တိုးမြင့်နေဆဲပါ၊ အရင်က ကျွန်တော်တို့ရဲ့ အိုပက် နံပါတ်နှစ် နိုင်ငံဆိုတဲ့ နေရာကို ပြန်ရဖို့ ကျွန်တော်တို့ အချိန်တော့ ပေးရပါဦးမယ်၊ လောလောဆယ်မှာတောင် ထုတ်လုပ်မှုပိုင်းမှာအီရတ်ကိုတောင် ကျွန်တော်တို့ မကျော်နိုင်သေးပါဘူး၊ ဒါပေမယ့် စီစဉ်ထားတဲ့အတိုင်း ရှေ့ကာလမှာ အဲဒီနေရာကို ပြန်ရနိုင်မှာပါ" လို့ အီရန် ရေနံဝန်ကြီး Bijan Zangeneh က ပြောသွားပါတယ်။

လက်ရှိအချိန်မှာ အီရန်ဟာ အိုပက်အဖွဲ့တွင်းမှာ ဆော်ဒီနဲ့ အီရတ်တို့နောက် တတိယအများဆုံး ရေနံထုတ်လုပ်သူအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး ဇန်န၀ါရီပိတ်ဆို့မှု ရုတ်သိမ်းခံရပြီးကတည်းက ယင်းရဲ့ ဈေးကွက်တွေကို ပြန်လည်ရယူဖို့ ထုတ်လုပ်မှုကို တိုးမြင့်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို တစ်နေ့ စည်ပေါင်း ၁ သန်းထိ လျှော့ချခံခဲ့ရပြီး ယင်းနှစ်တွေမှာ နိုင်ငံရဲ့ အဓိကရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကဏ္ဍထဲမှာ ရင်းနှီးမြှုပ်နှံမှုကောင်းတွေဆုံးရှုံးထားခဲ့ရတယ်လို့လည်း အီရန် ၀န်ကြီးက ပြောကြားသွားခဲ့ပါတယ်။

" ကျွန်တော်တို့ရဲ့ ရေနံလုပ်ငန်းထဲမှာ ရေရှည် ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီကဏ္ဍမှာပဲ ရင်းနှီးမြှုပ်နှမှုအလားအလာတွေ ရှိနေလို့ပါ" လို့ ၎င်းက ထပ်လောင်းပြောကြားသွားပါသေးတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment