2.9.16

တရုတ်နှင့် မြောက်ကိုရီးယား ခြိမ်းခြောက်မှုများကြောင့် ဗြိတိန်စစ်လက်နက်များ ဝယ်ယူရန် ဂျပန်ကြိုးစားနေ

တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများ မြင့်တက်လာချိန်၌ ဂျပန်သည် ဗြိတိန်လုပ်စစ်လက်နက်ပစ္စည်းများ ဝယ်ယူနိုင်ရေး ပိုမိုအားထည့် ကြိုးစားလာကြောင်း သိရသည်။

ထို့အပြင် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုအရှိန်အဟုန် အားကောင်းလာခြင်းကလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် ကာကွယ်ရေးကဏ္ဍကို မြှင့်တင်ရန် တွန်းအားတစ်ရပ် ဖြစ်လာစေသည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုအခါ ခေတ်မီစစ်လက်နက်များ ဝယ်ယူနိုင်ရေးအတွက် အမေရိကန်နှင့် အခြားသော အနောက်အုပ်စုမဟာမိတ်များကို ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်နေသည်။
လတ်တလောတွင် ဂျပန်သည် ဗြိတိန်ကုမ္ပဏီ BAE Systemsက ထုတ်လုပ်သည့် ကုန်းနှင့်ရေ အသုံးပြုနိုင်သော AAV7 အမျိုးအစား ချေမှုန်းရေးယာဉ် ၁၁ စီးကို ဝယ်ယူရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါယာဉ်များတွင် အဆင့်အမြင့်ဆုံး လက်နက်နှင့် အခြားသော ပစ္စည်းများကိုပါ မှာယူတပ်ဆင်သွားရန် ဂျပန်က ရည်ရွယ်ထားသည်။
ဂျပန်သည် ထိုင်ဝမ် အရှေ့မြောက်ပိုင်းဒေသရှိ ကျွန်းစုများ ပိုင်ဆိုင်ရေးအတွက် တရုတ်နှင့် အခြေအတင်အငြင်းပွားမှုများ ရှိနေသည်။ အဆိုပါကျွန်းများကို လတ်တလောတွင် ဂျပန်ကထိန်းချုပ်ထားပြီး ဆန်ကာကူဟု ခေါ်သည်။ တရုတ်ကမူ ဒိုင်အိုယု ကျွန်းစုဟု အမည်ပေးထားသည်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသည် အမေရိကန်လုပ် F-35 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များနှင့် Osprey V-22 သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ Chinook ရဟတ်ယာဉ်များ ပိုမိုဖြည့်တင်း ဝယ်ယူနိုင်ရန်လည်း အားထည့် ကြိုးပမ်းလျက် ရှိသည်။
ဂျပန်သည် ဒုတိယ ကမ္ဘာစစ်တွင် ရှုံးနိမ့်ပြီးနောက် ချုပ်ဆိုခဲ့သည့် စာချုပ်များအရ ကာကွယ်ရေးအတွက်သာ ပြည်စောင့်တပ် ထားရှိခွင့် ရခဲ့ပြီး လက်နက်ဝယ်ယူရေး ကဏ္ဍတွင် အကြီးအကျယ် ထိန်းချုပ် ခံခဲ့ရသော်လည်း ၂၀၁၅ ခုနှစ်မှစ၍ စစ်ရေးအရ ပြုပြင်ပြောင်းလဲမှုများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့သည်။
အထူးသဖြင့် ဝန်ကြီးချုပ် အာဘေးသည် ဂျပန်၏ စစ်လက်နက် အင်အားကို ပြန်လည် ဖြည့်တင်းဖွဲ့စည်းခြင်းသည် တရုတ်နှင့် မြောက်ကိုရီးယားတို့၏ တိုက်ရိုက်ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ခံယူထားပြီး ကာကွယ်ရေးအရ ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment