5.9.16

နိုင်ငံကူးလက်မှတ်စာအုပ်များ မမှန်မကန်ပြုလုပ်သဖြင့် ပြည်တွင်းလေဆိပ်၌ တားဆီးအရေးယူခံရသလို ပြည်ပလေဆိပ်တွင် ပြည်ဝင်ခွင့်မပြုဘဲ နှင်ထုတ်ခံရ


မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်များကို မမှန်မကန်ပြုလုပ်ရယူခဲ့သဖြင့် ပြည်ပသို့ မထွက်ခွာမီ မြန်မာနိုင်ငံလေဆိပ်မှာပင် တားဆီးအရေးယူခံရခြင်းများရှိသလို ပြည်ပလေဆိပ်များမှ ပြည်ဝင်ခွင့်မပြုဘဲ ပြန်လည်နှင်ထုတ်ခံရခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲ(မုံရွာ)မှ သိရသည်။

''ကျေးလက်ဒေသမှာနေပြီး အခြေခံပညာနည်းပါးတဲ့ဒေသခံအများစုဟာ လူမှောင်ခိုတွေ၊ အလုပ်အကိုင်ပွဲစားတွေ၊ မြန်မာနိုင်ငံကူး လက်မှတ်ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ပြည်ပသွား အလုပ်လုပ်မယ့် အထောက်အထားတွေ၊ နိုင်ငံကူးလက်မှတ်စာအုပ်တွေကို မမှန်မကန် ပြုလုပ် ရယူခဲ့တဲ့အတွက် ငွေကြေးအများကြီး ဆုံးရှုံးရတာတွေရှိပါတယ်။ ဒါ့အပြင် ပြည်ပကို မထွက်ခင် မြန်မာနိုင်ငံလေဆိပ်မှာ တားဆီးအရေးယူခံရတာတွေရှိသလို ပြည်ပလေဆိပ်တွေမှာ ပြည်ဝင် ခွင့်မပြုဘဲ ပြန်နှင်ထုတ်ခံရတာတွေရှိနေပါတယ်။ ဝိသမလောဘကြောင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားသူတွေရဲ့ အသုံးချတာကိုခံရပြီး ဥပဒေအရအရေးယူအပြစ်ပေးခံရတာတွေ ရှိနေပါတယ်''ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(မုံရွာ)မှ တာဝန်ခံရဲအုပ် မြင့်ဆွေက ပြောသည်။
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းအပြင် ပြည်ပနိုင်ငံများတွင် လုပ်ခလစာပိုမိုရရှိမည်ဟုထင်မြင်၍ မြန်မာလူငယ်များသည် မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား နှင့် အခြားနိုင်ငံများသို့ တရားဝင်ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်၍ တရားဝင်နည်းလမ်းဖြင့် ဖြစ်စေ၊ တရားမဝင်အေဂျင်စီများ၊ ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင် နည်းလမ်းဖြင့်ဖြစ်စေ သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိကြောင်း သိရသည်။
တရားမဝင်နည်းဖြင့် ပြည်ပသို့အလုပ်လုပ်ကိုင်ရန် သွားရောက် သူများအနက် မလေးရှားနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်သူအများစု မှာ သက်ဆိုင်ရာနိုင်ငံများ၏ လေဆိပ်များသို့ရောက်ရှိ၍ လူဝင်မှုကြီးကြပ်ရေးကောင်တာ၌ စစ်ဆေးခံစဉ် ပြန်လည်စေလွှတ်ခံရလျက် ရှိရာ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မလေးရှားမှ အမျိုးသား ၃၃၆ ဦး၊ အမျိုးသမီး ၁ဝ၇ ဦး စုစုပေါင်း ၄၄၃ ဦးအား ပြန်လည်စေလွှတ်ခံရပြီး စင်ကာပူနိုင်ငံမှ ပြန်လည်စေလွှတ်ခံရသူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃ဝ စုစုပေါင်း ၄၇ ဦးရှိကြောင်း မြန်မာနိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(မုံရွာ)၏ အများသိစေရန် ကြော်ငြာထားမှုမှ သိရသည်။
Credit To >>> The Mirror Daily


0 comments:

Post a Comment