5.9.16

ပဲခူးမြို့နယ်ရှိ ရွှေသံလွင်နှင့် Max Myanmar Toll Gate များကို Forland နှင့် Skat ကားများ ယာဉ်နှင့် ကုန်ပေါင်း ၁၆ တန် ဖြတ်သန်းခွင့်ပြုရေး ယာဉ် ၄၆ စီးဖြင့် ဆန္ဒထုတ်ဖော်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ ရွှေသံလွင်တိုးဂိတ်နှင့် မက်စ်မြန်မာတိုးဂိတ်များကို ဒေသခံ ကားပိုင်ရှင်များမှ မိမိတို့၏ FORLAND နှင့် SKAT ကားများ ယာဉ်နှင့်ကုန်တန်ချိန် ၁၆ တန်သို့ တိုးမြှင်ြ့ဖတ်သန်းခွင့်ပြုရန် စက်တင်ဘာ ၄ ရက်က ကား ၄၆ စီးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်

ဆန္ဒထုတ်ဖော်ပွဲကို ရွှေသံလွင်လမ်းပိုင်း ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင် ၆၂ ဘုရားကြီးတိုးဂိတ် အနီးမှ စတင်၍ FORLAND နှင့် SKAT ကားစုစုပေါင်း ၄၆ စီးဖြင့် ဘုရားကြီး လမ်းဆုံသို့ လှည့်လည်ပြီး ထိုမှတစ်ဆင့် ရွှေသံလွင်လမ်းပိုင်း ရန်ကုန်-မန္တလေးလမ်း မိုင်တိုင် ၆၇ ပျဉ်ပုံတိုးဂိတ်သို့ လှည့်လည်ခဲ့သည်။ ထို့နောက် ရန်ကုန်-ပဲခူးလမ်းပိုင်း မက်စ်မြန်မာ တိုးဂိတ်သို့ လှည့်လည်၍ မိမိတို့ ကားများကို ၁၆ တန် ခွင့်ပြုရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကားတွေက ယာဉ်ချည်းပဲ ခြောက်တန်၊ ခြောက်တန်ကျော် ရှိကြတယ်။ ခွင့်ပြုတာက ယာဉ် အပေါင်း ကုန် ၁၂ ဒသမ ၁၅ တန်(ကီလို ၁၂၁၅၀)ဆိုတော့ ကျွန်တော်တို့အတွက် တိုးဂိတ်တွေကို လုပ်ကျွေးနေရသလိုပဲ။ တန်ပိုတော့ ဒဏ်ရိုက်တယ်။ သဲတို့ ကျောက်တို့ဆို နှစ်ကျင်းခွဲပါတယ်။ ဒါပေမဲ့ ခွင့်ပြုတန် မကျော်အောင်ဆို တစ်ကျင်းပဲ ရတယ်။ ကားတစ်ခေါက်စာကို နှစ်ခေါက်ဆွဲရတော့ ဆီဖိုးနဲ့ လမ်းစရိတ် နှစ်ဆတက်ပြီး အရှုံးပေါ်ကြတယ်။ တိုးဂိတ်ကြေး စရိတ်တွေများတော့ ကုန်ဈေးနှုန်းတွေ ဈေးတက်ပြီး ပြည်သူတွေကို ထိခိုက်ပါတယ်။ ကျွန်တော်တို့ကားတွေက ခြောက်လတစ်ကြိမ်သွင်း သုံးလတစ်ကြိမ်သွင်း အရစ်ကျနဲ့ ၀ယ်ထားတာတွေ။ ကျွန်တော်တို့ မကိုက်ဘူး။ အကြွေးတွေလည်း မဆပ်နိုင်တော့ဘူး။ နောက်ပြီး ကား ၂၁ မျိုးထဲမှာ ကျွန်တော်တို့ကားတွေကို တရားမ၀င်တဲ့ပုံ လုပ်တယ်။ ကျွန်တော်တို့ကားတွေက ဆောင်စရာရှိတဲ့ အခွန် အကုန်ဆောင်ထားတဲ့ ကားတွေပါ။ အခုလို ဆန္ဒမဖော်ထုတ်ခင် တာဝန်ရှိတဲ့ ဌာနတွေကို စာပို့ထားတယ်။ တာဝန်ရှိတဲ့ လူကြီးတွေက ၁၆ တန် ခွင့်ပြုပေးစေချင်ပါတယ်” ဟု ဘုရားကြီးမြို့နေ ကားပိုင်ရှင် ဦးချိုဝင်းနိုင်က ပြောကြားသည်။

ပဲခူးမြို့မှ ကားပိုင်တစ်ဦးကလည်း “လမ်းကြေးတော့ မတရား ကောက်တယ်။ လမ်းကျတော့ စုတ်ပြတ်သတ်နေတယ်။ မယုံရင် လာကြည့်ကြပါ။ ပြီးခဲ့တဲ့ မိုးဦးကျကမှ ဖွင့်ခဲ့တဲ့ ပဲခူးမြို့ရှောင်လမ်း ပျက်စီးနေတာ ဖွင့်ပြီးတစ်လတောင် မကြာဘူး။ လမ်းဘေး ကုက္ကိုပင်တွေလည်း လွတ်တာရော၊ မလွတ်တာရော အကုန်လှဲပစ်တယ်။ လာကြည့် ဘုရားကြီးနဲ့ ဝေါကြားမှာ” ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၁၁ နာရီခွဲခန့် ပဲခူးတက္ကသိုလ်ကျောင်းရှေ့ မြို့ရှောင်လမ်းဆုံ အရောက်တွင် လူစုနှင့်ကားများ ခွဲခွာပြီး ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment