5.9.16

မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်သုံးစင်း စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားသည် စက်တင်ဘာ ၅ ရက်တွင် တိုက်ချင်းပစ် ဒုံးကျည်သုံးစင်းကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောကြားခဲ့သည်။

အဆိုပါ စစ်လက်နက် စမ်းသပ်မှုသည် တရုတ်နိုင်ငံတွင် G-20 ထိပ်သီးအစည်းအဝေး စတင်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ဒုံးကျည်စမ်းသပ်မှုများ ပုံမှန် လုပ်ဆောင်
နေသဖြင့် တစ်ကမ္ဘာလုံး၏ အာရုံက အထီးကျန် ကွန်မြူနစ် နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများအပေါ် ပိုမိုစူးစိုက်လာသည်။
စက်တင်ဘာ ၅ ရက် နံနက်အစောပိုင်းက မြောက်ကိုရီးယား အရှေ့ဘက် ကမ်းခြေမှ ဒုံးကျည်သုံးစင်းကို ပစ်လွှတ်ခဲ့ပြီး ပင်လယ်ပြင်ထဲတွင် ကျဆင်းသွားခဲ့ကြောင်း သိရသည်။ G-20 ညီလာခံ တက်ရောက်ရန် ကမ္ဘာ့ထိပ်သီး
ခေါင်းဆောင်များ ဘေဂျင်းသို့ လာရောက်မည့် ကာလတွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပြခဲ့ခြင်း ဖြစ်သည်။ တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး စစ်ရေးမဟာမိတ် ဖြစ်ခဲ့သော်လည်း မြောက်ကိုရီးယား ၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက် စမ်းသပ်မှုများကြောင့် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ထိုနှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲလာခဲ့သည်။
တောင်ကိုရီးယား စစ်ဦးစီးချုပ်၏ အဆိုအရ မြောက်ကိုရီးယား အနောက်ပိုင်း ဟွမ်ဂျူးမှ လွှင်တင်လိုက်သည့် ဒုံးကျည်များသည် နိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်ကာ အရှေ့ဘက် ကမ်းခြေသို့ ကျရောက်သွားကြောင်း သိရသည်။ သို့သော် ဒုံးကျည်များ၏ ခရီးပေါက်မှု အကွာအဝေးကိုမူ တောင်ကိုရီးယားက ကြေညာခဲ့ခြင်း မရှိချေ။
ယခုဒုံးကျည် စမ်းသပ်မှုသည် မြောက်ကိုရီးယား အစိုးရ ထူထောင်မှု ၆၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ထို့အပြင် အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်များ ပူးပေါင်းစစ်ရေး
လေ့ကျင့်မှု အစီအစဉ်ကြီးတစ်ရပ် ပြီးဆုံးပြီး ရက်အနည်းငယ် အကြာတွင်လည်း ဖြစ်နေသည်။ မြောက်ကိုရီးယားက နှစ်စဉ် ပြုလုပ်လေ့ရှိသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့ နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်သည့် ရန်လိုသော လုပ်ဆောင်မှုတစ်ရပ် အနေဖြင့် အစဉ်တစိုက် စွပ်စွဲဝေဖန်ခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်လက်နက် နည်းပညာသည် သိသာသော တိုးတက်ဖြစ်ထွန်းမှုများ ရှိလာသည်ဟု ယုံကြည်ရပြီး ပြီးခဲ့သည့် လကမူ ရေငုပ်သင်္ဘော တစ်စီးတွင် အခြေစိုက် စမ်းသပ်သော ဒုံးကျည်သည် ကီလိုမီတာ ၅၀၀ ထိ ခရီးပေါက်ခဲ့ပြီး မြောက်ကိုရီးယား အနေဖြင့် ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်နည်းပညာကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း သိသာ ခိုင်မာလာစေခဲ့သည်။
Credit To >>>  7 Day Daily

0 comments:

Post a Comment