19.9.16

ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်

ရှိနေသည့် ဟိုတယ်အခန်းအရေအတွက်နှင့် ဧည့်သည်ဝင်ရောက်မှု ညီမျှခြင်း မရှိသောကြောင့် ရန်ကုန်နှင့် မန္တလေး အပါအဝင် ဒေသအချို့တွင် ဟိုတယ်သစ် တည်ဆောက်ခွင့်ကို အောက်တိုဘာလ ၃၁ ရက်တွင် စတင်တားမြစ်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“လက်ရှိမှာ အခန်းအရေအတွက်နဲ့ ဧည့်သည် ငှားရမ်းနေထိုင်မှုကို ဆန်းစစ်တဲ့အခါ ငှားရမ်းမှုကနည်းပြီး အခန်းတွေ ပိုနေတယ်။ ဒါကြောင် ကန့်သတ်တားမြစ် လိုက်တာပါ။ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေ အနေနဲ့လည်း အမြတ်အစွန်း ပြန်လည်ရရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ဆိုသည်။

ဝန်ကြီးဌာနအနေနှင့် ဒေသအသီးသီးသို့ အကြိမ်ကြိမ် လေ့လာမှု လုပ်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ကလောမြို့များတွင် ဟိုတယ်အသစ် တည်ဆောက်မှုများကို ကန့်သတ်တားမြစ်လိုက်ကြောင်း ၎င်းက ပြောကြားသည်။

“တခြားပြည်နယ်နှင့်တိုင်းတွေကို မတားမြစ်ပါဘူး။ တားမြစ်ထားတဲ့ ဒေသမှာ ဟိုတယ် တည်ဆောင်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး အစိုးရက လိုအပ်ကြောင်း တင်ပြချက်ရှိမှသာ ခွင်ပြုပေးမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဟိုတယ်အခန်းသာ များနေပြီး ဧည့်သည် ငှားရမ်းနေထိုင်မှု နည်းပါးခြင်းကြောင့် ဝင်ငွေနှင့် ထွက်ငွေမျှတမှု မရှိခြင်း၊ ဝန်းထမ်းများ လျော့ချလာနိုင်ခြင်း၊ ဝန်ဆောင်မှု အသုံးအဆောင်များ လျော့ချလာနိုင်ခြင်း၊ ကျွမ်းကျင်မှု သင်တန်းများ လျော့ချသင်ကြားပေးခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

လေ့လာတွေ့ရှိချက်များအရ ရန်ကုန်တွင် ဧည့်သည် ငှားရမ်းနေထိုင်မှု ၅၄ ရာခိုင်နှုန်း၊ မန္တလေးတွင် ၅၁ ရာခိုင်နှုန်း၊ ညောင်ရွှေတွင် ၂၈ ရာခိုင်နှုန်း၊ တောင်ကြီးတွင် ၄၃ ရာခိုင်နှုန်း၊ ကလောတွင် ၁၈ ရာခိုင်နှုန်းသာ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူး ဦးစီးဌာနထံမှ သိရသည်။

ယင်းသို့ ဟိုတယ်သစ် တည်ဆောက်မှုကို ကန့်သတ်လိုက်ခြင်းသည် လက်ရှိ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်း၊ အသစ်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များကို ထိန်းချုပ်ခြင်းဖြစ်ပြီး မလိုအပ်ဘဲ ဟိုတယ်အလုံးရေ များပြားနေခြင်းကို ထိန်းချုပ်ခြင်း ဖြစ်သည်ဟု ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဟိုတယ်၊ မိုတယ် လုပ်ငန်းလိုင်စင် ချပေးမှုမှာ ရန်ကုန်တွင် ၃၂၄ လုံး၊ ၁၅၄၂၄ ခန်း၊ မန္တလေးတွင် ၁၆၈ လုံး၊ ၆၇၈၈ ခန်း၊ ညောင်ရွှေတွင် ၇၈ လုံး၊ ၂၄၅၄ ခန်း၊ တောင်ကြီးတွင် ၃၁ လုံး၊ ၈၆၄ ခန်း၊ ကလောတွင် ၃၅ လုံး၊ ၇၅၂ ခန်းရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment