3.10.16

မြန်မာနဲ့ပါကစ္စတန်က ဓါတ်အားစီမံကိန်းတွေအတွက် တရုတ် AIIB ဘဏ်က ချေးငွေဒေါ်လာသန်း ၃၂၀ ချပေး

မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရှိနေတဲ့ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ ချေးငွေစုစုပေါင်း ဒေါ်လာသန်း ၃၂၀ ချထားပေးမယ်လို့ တရုတ်ဦးဆောင်တဲ့ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် AIIB က အတည်ပြုပေးလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံက ရေအားလျှပ်စစ် စီမံကိန်းတစ်ခုအတွက်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ချထားပေးမှာဖြစ်သလို မြန်မာနိုင်ငံက ဓါတ်အားပေးရုံတစ်ရုံအတွက်လည်း ချေးငွေ ဒေါ်လာ သန်း ၂၀ ပေးမှာဖြစ်တယ်လို့ စက်တင်ဘာလ ၂၉ ရက်က အဆိုပါဘဏ်က ထုတ်ပြန်ပြောကြားပါတယ်။

“ ဒီစီမံကိန်းနှစ်ခုအတွက် ခုလိုချေးငွေတွေ အတည်ပြုပေးလိုက်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ ချေးငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံထိ တိုးချဲ့ထုတ်ပေးမယ်ဆိုတဲ့ရည်မှန်းချက်ပြည့်မြောက်ဖို့ နီးစပ်ပြီလို့ပြောရမှာပါပဲ” လို့ယင်းဘဏ်ဥက္ကဌ Jin Liqun က ပြောသွားပါတယ်။

အလားတူ ယင်းဘဏ်အနေနဲ့ အင်ဒိုနီးရှာနိုင်ငံက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ပါကစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့က အမြန်လမ်းတည်ဆောက်မှုလုပ်ငန်းတွေအတွက်လည်း ချေးငွေတွေ ကူညီထောက်ပံ့မှုတွေ ရှိထားတယ်လို့လည်း ပြောသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထူထောင်ခဲ့တဲ့ ယင်း AIIB ဘဏ်ဟာဆိုရင် ဇန်န၀ါရီလကတည်းက လုပ်ငန်းတွေ စတင်လည်ပတ်နေပြီးတော့ အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံနဲ့အတူ ထည့်ဝင်ကြေး ဒေါ်လာ ဘီလီယံ ၁၀၀နဲ့ လုပ်ကိုင်နေခဲ့တာလို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment