
ထိုင်းနိုင်ငံမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက်များဖြစ်သော ထီးခီး (ထားဝယ်)၊ မောတောင် (မြိတ်) နှင့် ကော့သောင်းမြို့ရှိ သူ ဌေးကျွန်း၊ ရတနာကျွန်းနှင့် မြို့မ တံတားဂိတ်တို့မှ ဒေသတွင်းသို့ ဝင် ရောက်လာသည့် ပြည်ပခရီးသွား များမှာ ၂၀၁၄ ခုနှစ်တွင် ၂၆၈၇၅၉ ဦးရှိပြီး ၂၀၁၅ ခုနှစ်တွင် ၃၃၁၁၅၇ ဦးအထိရှိကာ ယခုနှစ် သြဂုတ်လ ကုန်အထိ ပြည်ပခရီးသွားဝင်ရောက် မှု၂၃၃၅၇၁ ဦးရှိခဲ့ကြောင်း၊ တိုင်း အတွင်းသို့ ဝင်ရောက်လည်ပတ်ခဲ့သည့် ပြည်တွင်းခရီးသွားများ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှ အသိအမှတ်ပြုထားသည့် ဟိုတယ်နှင့် တည်းခိုခန်းများတွင် တည်းခိုမှု စာရင်းအရ ၂၀၁၄ ခုနှစ် တွင် ၃၈၃၆၉ ဦးနှင့် ၂၀၁၅ ခုနှစ်တွင် ၅၀၇၈၉ ဦးရှိခဲ့ပြီး ယခုနှစ် သြဂုတ်လ ကုန်အထိ ရှစ်လအတွင်း လာရောက်သူမှာ ယခင်နှစ် တစ်နှစ်တာလုံး လာရောက်သည့် ဦးရေထက် ကျော်လွန်၍ ၆၂၀၉၀ ဦးအထိ ရောက်ရှိခဲ့ကာ ၀င်ငွေ ကျပ် ၁၀၃၈၃ ဒသမ ၃၆ သိန်း ရရှိခဲ့ကြောင်း၊ ယင်းမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှ အသိအမှတ် ပြုထားသည့် နေရာများတွင် တည်းခိုသည့် စာရင်းများသာဖြစ်ပြီး စည်ပင်မှ ခွင့်ပြုထားသည့် တည်းခိုခန်း၊ ဘုန်းကြီးကျောင်းများနှင့် ဘန်ဂလိုများတွင် တည်းခိုခဲ့သည့် ပြည်တွင်းခရီးသွားများကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးသဖြင့် လာရောက် လည်ပတ်သူ ပမာဏ ပိုများလာနိုင်သည်။
“တနင်္သာရီတိုင်းကို ပြည်တွင်းရော၊ ပြည်ပကပါ ခရီးသွားတွေ ၀င်ရောက်မှုက တစ်နှစ်ထက်တစ်နှစ် တိုးလာတယ်။ ပြည်ပခရီးသည်ကတော့ နယ်စပ်ဝင်ပေါက်နေ ၀င်လာတဲ့သူ များပြီးကော့ သောင်းကတော့ အများဆုံးပါပဲ။ ပြည်တွင်းခရီးသွား တွေကတော့ ထားဝယ်ကိုလာကြတာ အများဆုံးပါ။ မြိတ်ကိုတော့ နိုင်ငံ ခြားသားခရီးသွားတွေ လာရောက်မှု ပိုများတယ်။ ကော့သောင်းကလည်း ရွက်လှေနဲ့လာတဲ့ ခရီးသည်တွေများတယ်” ဟု တိုင်းဒေသကြီးဟို တယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု တိုးတက်လာသည့်အတွက် ဒေသတွင်း၌ လိုင်စင်ရ ခရီးသွား လှည့်လည်ရေး ကုမ္ပဏီများမှာ ယခင်နှစ်က ကုမ္ပဏီ ၂၀ ခန့်သာရှိရာမှ ယခုနှစ် သြဂုတ်လကုန်အထိ ကုမ္ပဏီ ၄၀ အထိ ရှိလာပြီး လာမည့်ပွင့်လင်းရာသီတွင် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများ တိုးလာရန်ရှိကြောင်း သိရသည်။
“လက်ရှိကတော့ လာမယ့် ၁၀ လပိုင်းကစပြီး ပွင့်လင်းရာသီမှာ ထားဝယ်ဘက်ကို လာရောက်လည် ပတ်ဖို့ ဆက်သွယ်မှုတွေ အများကြီး ရထားတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးဘက်ကနေ တော်တော်များများ ဆက်သွယ်လာကြတာပေါ့။ အစ်ကိုတို့ Tour ကနေ စီစဉ်နေတာကတော့ ထားဝယ်မှာ လေးညအိပ် ငါးရက်ခရီးနဲ့ ငါးညအိပ် ခြောက်ရက် ခရီးစဉ်တွေပါ။ ထားဝယ်ဒေသမှာရှိတဲ့ ရှင်ကိုးရှင်နဲ့ မောင်းမကန် ကမ်းခြေ၊ မျှော်ရစ်အလည်အပတ် ခရီးစဉ်တွေအပြင် ငါးညအိပ်ခြောက် ရက်ခရီးစဉ်မှာဆိုရင် ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရီးစဉ်လည်းပါတယ်။ အခုတောင် ၁၀ ဖွဲ့လောက် အစ်ကိုတို့ဆီ ဆက်သွယ်ထားပြီးပါပြီ။ ဒီနှစ်ကတော့ တည်းခိုခန်းလည်း အဆင်သင့်ဖြစ်နေပြီ။ စားသောက်ဆိုင်လည်း အရင်နှစ်ကထက် ပိုများလာတာပေါ့။ သွားလာရေး အတွက်လည်း အဆင်ပြေလာတာမို့ ဘုရားဖူးခရီးသည်တွေ အတွက် အရင်ကထက် ပိုအဆင်ပြေလာမယ် မျှော်လင့်တယ်” ဟု ထားဝယ်အခြေစိုက် ခရီးသွားလုပ်ငန်း ကုမ္ပဏီ Dawei Tour & Travel Agency မှ မန်နေဂျင်းဒါရိုက်တာ ဦးထိန်ဝင်းက ပြောကြားသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ တရားဝင် အသိအမှတ် ပြုထားသည့် ဟိုတယ်နှင့် တည်းခိုခန်းများ အနေဖြင့် ထားဝယ်ခရိုင်တွင် ဟိုတယ်ကိုးလုံးနှင့် တည်းခိုခန်းနှစ်ခု၊ မြိတ်ခရိုင်တွင် ဟိုတယ်ရှစ်လုံးနှင့် တည်းခိုရိပ်သာသုံးခု၊ ကော့သောင်းခရိုင်တွင် ဟိုတယ်ရှစ်လုံးရှိပြီး ဟိုတယ်နှင့် တည်းခိုခန်း အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိနေကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာနမှ သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment