25.10.16

ကမ္ဘာ့တစ်ဝန်း ခရီးသွားလုပ်ငန်း ရင်းနှီးငွေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း အာဆီယံဒေသသို့ စီးဝင်လာဖို့ရှိ


လာမယ့် ဆယ်စုနှစ်တစ်စုစာအတွင်းမှာ ကမ္ဘာတစ်ဝန်း ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုငွေစုစုပေါင်းအားလုံးထဲကနေ ၁၀ ရာခိုင်နှုန်းလောက်ကတော့ အာဆီယံနိုင်ငံတွေဆီကိုပဲ စီးဝင်လာဖို့ရှိတယ်လို့ သုတသနစစ်တမ်းတစ်ရပ်အရ သိရပါတယ်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ WTTC က လုပ်ဆောင်တဲ့ယင်းလေ့လာချက်အရတော့ အထက်ပါ လုပ်ငန်းရင်းနှီးမြှုပ်နှံငွေတွေကတော့ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံငါးနိုင်ငံမှာပဲအဓိက စီးဝင်ဖို့ ရှိတယ်လို့ သိရပါတယ်။

ယခုနှစ် ၂၀၁၆ ကနေ ၂၀၂၆ ခုနှစ်အတွင်း အာဆီယံဒေသရဲ့ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအလားအလာပိုင်းနဲ့ပတ်သက်လို့ ယင်းလေ့လာချက်ကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့်ဆယ်စုနှစ်အတွင်း ဒေသတွင်း ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၇၈၂ ဘီလီယံ ဒါမှမဟုတ်ဒေသတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၇ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ယင်းလေ့လာချက်မှာ ခန့်မှန်းထားပါတယ်။

လက်ရှိအချိန်မှာတော့ အာဆီယံဒေသဟာ ကမ္ဘာပေါ်မှာ ခရီးသွားလုပ်ငန်းအပေါ်အဓိကမှီခိုရဆုံး ဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ယင်းခရီးသွားလုပ်ငန်းဟာ ဂျီဒီပီရဲ့ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ထည့်ဝင်ထောက်ကူပေးနေတယ်လို့လည်း သိရပါတယ်။

အလားတူ ယင်းလေ့လာချက်ထဲမှာဆိုရင် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့ကိုတော့ အခြေခံအဆောက်အအုံပိုင်း ကန့်သတ်မှုတွေ ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment