31.10.16

ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ရန် စီစဉ်နေကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောကြား


ကချင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးစေသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများကို ဒေသန္တရ ဥပဒေဖြင့် ထိန်းချုပ်ရန် စီစဉ်နေကြောင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် မြန်မာအစိမ်းရောင်ကွန်ရက်၏ (၅) ကြိမ်မြောက် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက “ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးတဲ့ ပုံစံက အပေါ်ယံ မြေဆီလွှာတွေကို အားလုံးဖယ်ရှားပြီး တူးနေပါတယ်။ အဲဒီပုံစံဟာ သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်စေတဲ့အတွက် အဲဒီစနစ်တွေဟာ ပြင်ဆင်သင့်ပါပြီ။ သဘာဝ ပတ်ဝန်းကျင် မပျက်စီးနိုင်တဲ့ နည်းမျိုးကို အသုံးပြုသင့်ပါတယ်။ ဖားကန့်ဒေသ တစ်ကြော ဥရုမြစ်ကြောင်း တစ်လျှောက်လုံးဟာ ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ကြောက်ခမန်းလိလိ ပျက်စီးနေတာ တွေ့ရပါတယ်။ ရွှေတူးဖော်တဲ့ လုပ်ငန်းဟာ အပေါ်ယံ မြေဆီလွှာ အားလုံးကို ရေနဲ့ ဖျောချပြီး လုပ်ရတဲ့အတွက် ဧရာဝတီမြစ်ရဲ့ ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်နေပါတယ်။ ရွှေကျင်တဲ့အခါ သက်ရှိတွေကို အဆိပ်အတောက် ဖြစ်စေတဲ့ မာကျူရီနဲ့ ဆာလာနိုက်တွေ သုံးနေကြပါတယ်။ အဲဒီ လုပ်ငန်းတွေ ခွင့်ပြုပေးခဲ့တာကိုလည်း အင်မတန်မှ အံ့သြရပါတယ်။ အခု ကျွန်တော်တို့ တားနိုင်တဲ့ အနေအထားကနေ စပြီး တားဖို့ လိုအပ်နေပါပြီ။ ပြည်နယ်လွှတ်တော်ကနေ ဒေသန္တရဥပဒေ ပြဋ္ဌာန်းပြီး တားမြစ်ဖို့ ဆောင်ရွက်နေပါတယ်။ နောက်တစ်ခု ပြောချင်တာက ဒေသခံတွေကနေပြီး မြစ်ဆုံကိစ္စမှာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှထောက်ပြ ပြောဆိုတာ မရှိဘူး ဆိုပြီးတော့ ပြောဆိုနေကြတာ ကြားရတာ စိတ်မကောင်းပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက ပြည်သူလူထု အားလုံးရဲ့ဆန္ဒနဲ့ နိုင်ငံ အကျိုးစီးပွားကို မျက်ကွယ်ပြုပြီး မြစ်ဆုံဆည် စီမံကိန်းကို ပြုလုပ်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်မှုနှင့် ရွှေတူးဖော်မှု လုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အများဆုံး လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့် ရတနာမြေတွင် တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့် ပြုထားကြောင်း သိရသည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) ဖြင့် ထုတ်ပြန် သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အ၀န်း ၁၇၅၂၀၆၄ ဧက ရှိကြောင်း သိရသည်။

ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုများကြောင့် ဥရုမြစ်ဖျား ဒေသရှိ သဘာဝတောတောင်များ၊ ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေးကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်များ ကြုံတွေ့နေရကြောင်း၊ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာ စသည်တို့အပြင် တစ်ခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွှေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment