23.11.16

မြန်မာနိုင်ငံမှ တရုတ်မျိုးနွယ် လက်နက်ကိုင်အဖွဲ့များ၏ လော်ဘီများ ပေါ်ပေါ်တင်တင် လှုပ်ရှားနေသည်ကို တရုတ်အစိုးရ မျက်ကွယ်ပြုထားသည်ဟု South China Morning Post ဖော်ပြ


မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေသည့် တရုတ်လူမျိုးနှင့် နီးနွယ်သည့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုဖြစ်သော ကိုးကန့် တပ်ဖွဲ့ က အင်တာနက်တွင် ငွေနှင့် အထောက်အကူများ စုစည်းတောင်းခံနေသည်ကို တရုတ်အစိုးရ၏ ဆင်ဆာနှင့် အာဏာပိုင်များက မတားမြစ်ဘဲ လုပ်ခွင့်ပေးထားသည်။

ကိုးကန့် တပ်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမှုနှင့် တိုက်ပွဲတွင် အကြမ်းဖက် တိုက်ခိုက်နေမှုများအား အင်တာနက်မှာ တင်ထားခြင်းကို တရုတ်အစိုးရက လွတ်လပ်စွာ တင်ခွင့်ပေးထားသည်။
ကိုးကန့် တပ်ဖွဲ့သည် မြန်မာမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံအချို့ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက်သို့ ပြေးဝင်နေကြသည်။
လူဦးရေ တစ်သိန်းခွဲခန့် ရှိသည့် မြန်မာနိုင်ငံထဲမှ တရုတ်လူမျိုး တိုင်းရင်းသားများအတွက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကိုးကန့်စစ်တပ်က ကြွေးကြော်ထားသည်။
အိမ်နီးနားချင်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ၏ ပဋိပက္ခတွင် သူပါဝင်ပတ်သက်ခြင်း မရှိကြောင်း တရုတ်အစိုးရက ငြင်းဆန်ထားသည်။ သို့သော် ဆိုရှယ်စာမျက်နှာများပေါ်က ကိုးကန့် တပ်ဖွဲ့ ၏ သိသိသာသာ လှုပ်ရှားမှုများအရ တရုတ်နှင့် ယဉ်ကျေးမှု၊ ဘာသာစကားချင်း တူသည့် ကိုးကန့် များကို တရုတ်အစိုးရက မျက်နှာသာပေးထားကြောင်း ထင်ရှားသည်။
ကိုးကန့်တပ်ဖွဲ့ ၏ တရားဝင် အင်တာနက် ဘလော့သည် တရုတ်နိုင်ငံတွင် အစိုးရအကောင့်အဖြစ် သတ်မှတ်ထားသော အင်တာနက်အကောင့် ဖြစ်သည်။
တရုတ်အစိုးရ၏ ဖေ့စ်ဘုတ်နှင့် အလားတူသည့် Weibo စာမျက်နှာတွင်လည်း ကိုးကန့်အဖွဲ့ က တပ်သားသစ် စုဆောင်းခြင်း၊ အလှူရှင်များကို ကျေးဇူးတင်စကားဆိုခြင်းများကို ပုံမှန်တင်လျက်ရှိသည်။
“ဒါက အခွင့်အရေး ညီတူညီမျှရရေးနဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး အတွက် တိုက်ပွဲဝင်နေတာပါ” ဟု ကိုးကန့်ဒေသခံတစ်ဦးက ဇူလိုင်လတွင် တင်ထားသည်။
အဆိုပါအုပ်စုသည် သူတို့၏ ဘဏ်အကောင့်အဖြစ် အလှူငွေလက်ခံရန် ယူနန်ပြည်နယ်၊ နန်စန်မြို့ရှိ တရုတ်အစိုးရ စိုက်ပျိုးရေးဘဏ်က အကောင့်နံပါတ်ကိုပါ တင်ထားသည်။ အသက် ၃၂ နှစ်အရွယ် ကိုးကန့်တပ်ဖွဲ့ဝင် နန်စန်မြို့မှ ရန်ဆန်ခွန်က ငွေကြေးအကူအညီများကို လက်ခံပြီး အလှူငွေအများစုက ယူနန်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်ဟု ဆိုသည်။ တချို့ကိုမူ တောင်တန်းပေါ်ရှိ စစ်သားများအတွက် စစ်ခမောက်နှင့် မှန်ပြောင်းများ ဝယ်ပေးရန်ပေးမည်ဟု ဆိုသည်။
အဆိုပါအုပ်စု၏ ငွေကြေးစုဆောင်း ကောက်ခံနေမှုများနှင့် ပတ်သက်ပြီး တရုတ်အာဏာပိုင်များက မေးမြန်းပြောဆိုခြင်း မရှိဟု ရန်က South China Morning Post သတင်းစာသို့ ဖြေကြားခဲ့သည်။
အဆိုပါ ကိုးကန့်အုပ်စုသည် တရုတ်ယွမ်ငွေ ၁၂၅,၀၀၀ နှင့် အင်္ကျီများ၊ မုန့်များနှင့် မိုးကာများ အလှူလက်ခံရရှိခဲ့သည်ဟု ရေးသားထားသည်။ အများစုမှာ တရုတ်နိုင်ငံတွင်းက အမည်မဖော်လိုသော အင်တာနက်သုံးစွဲသူများထံက ဖြစ်သည်။ ထို့ ပြင် ဂွမ်ဒေါင်းပြည်နယ်မှ အလှူရှင်တစ်ဦးဆီက အလှူငွေယွမ်တစ်သိန်းရခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်မှုကို တရုတ်အစိုးရက ငြင်းဆန်ထားသည်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ရင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြောခဲ့ရာတွင် တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည့် မည့်သည်အဖွဲ့ အစည်းကိုမှ တရုတ်အစိုးရက ခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။ သို့သော် ကိုးကန့်အဖွဲ့ အစည်းများ၏ ဆိုရှယ်မီဒီယာအကောင့်မှာ များစွာသော တရုတ် Weibo အသုံးပြုသူများသည် တိုက်ခိုက်မှုနှင့် သူပုန်များကို ထောက်ပံ့မှုများကို အားပေးနေကြသည်။ တချို့ အင်တာနက်အကောင့်များကို ကိုးကန့်တပ်ဖွဲ့ များ ကိုယ်တိုင် သုံးနေကြခြင်းဖြစ်သည်။
မြောက်ပိုင်းစစ်တပ်အမည်ဖြင့် သုံးနေကြသော လူတစ်ဦးက သူကိုယ်တိုင် ကိုးကန့် အဖွဲ့ ၏ ဝတ်စုံကိုဝတ်ဆင်ပြီး သူ၏ ကိုယ်ဝန်သည် ဇနီးသည်၏ လက်ကိုကိုင်ကာ ဓာတ်ပုံရိုက်ခိုင်းထားသည်။ ပြီးခဲ့သည့် တနင်္လာနေ့ နံနက်တွင် သူက သွေးအလိမ်းလိမ်းပေနေသော အလောင်းတစ်ခု၏ ဓာတ်ပုံကိုတင်ထားပြီး မြန်မာတပ်သားတစ်ဦးဟု ဆိုသည်။
“မြန်မာတွေဟာ သေဖို့ထိုက်တန်တယ်” ဟု ဓာတ်ပုံတစ်ပုံအောက်တွင် လူတစ်ယောက်က ကောမန့်ပေးထားသည်။ တခြားသူတစ်ဦးကလည်း တိုက်ပွဲသတင်းအောက်တွင် မြန်မာမြောက်ပိုင်း လွတ်မြောက်ပါစေ၊ တရုတ်ပြည်ကြီးထဲမှာ ပါဝင်ပါစေ” ဟု ရေးသားထားသည်။

Credit To >>> The Ladies News

0 comments:

Post a Comment