19.1.17

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ၀င်းကမော့ချောင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံး

မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာရှိ ၀င်းကမော့ချောင်းအတွင်း ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေမှုမှာ ဇန်န၀ါရီလဆန်းပိုင်းကတည်းက ဖြစ်ပွားနေကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရသည်။

“ဇန်န၀ါရီ ၁၅ ရက်တုန်းက ရွာခံတွေက ချောင်းရိုးထဲမှာ ငါးတွေသေနေတာကို ရုံးမှာလာပြောကြတယ်။ အဲဒါနဲ့ လိုက်သွားကြည့်တော့ ချောင်းထဲက အမှိုက်တွေပေါ်မှာရော၊ ရေပေါ်မှာ မျောနေတာရော ငါးတွေအများကြီး သေနေကြတယ်။ သက်ဆိုင်ရာကို ထူးခြားဖြစ်စဉ်အဖြစ် အကြောင်းကြားပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်တိမွေးကုတို့ လာစစ်ကြတယ်။ ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ခရိုင်တိမွေးကုက ရေနမူနာ လာယူသွားတယ်။ ဇန်န၀ါရီ ၁၇ ရက်မှာ မြို့နယ် ကျန်းမာရေးဦးစီးဌာနက ရေနမူနာ လာယူသွားပါတယ်။ ရေက အက်စစ်ဓာတ်များလို့ ဖြစ်တယ်လို့လည်း ပြောကြပါတယ်” ဟု ဥတ္တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဂွမ်ရှိန်က ပြောကြားသည်။


“ဒီချောင်းရေကနေ ချောင်းအောက်ပိုင်းမှာရှိတဲ့ လယ်တွေထဲကို နွေစပါးစိုက်ဖို့ ရေပေးတယ်။ အခုတော့ ချောင်းကိုပိတ်ထားတယ်။ နောက်ပြီး ဟင်းသီးဟင်းရွက်ပင်တွေကို ရေပေးတယ်လေ။ အခုလိုဖြစ်တော့ ရွာခံတွေက စိုးရိမ်မှုတွေတော့ ရှိကြတာပေါ့။ ဒါပေမဲ့ ဒီရေကိုသုံးတာ၊ သောက်တာတွေတော့ မရှိဘူး” ဟု ဦးဂွမ်ရှိန်က ဆက်လက်ပြောကြားသည်။

“ချောင်းထဲမှာက ငါးရံ့၊ ငါးခူ၊ ငါးပနော်၊ ငါးဖန်းမစတဲ့ ငါးတွေရှိပါတယ်။ အရင်ကတော့ မဖြစ်ဖူးဘူး” ဟု ရွာခံတစ်ဦးက ပြောကြားသည်။

“ချောင်းရေအောက်မှာရှိတဲ့ ငါးတွေက ရှင်နေကြတယ်။ ရေပေါ်တက်ပြီး အောင်ဆီဂျင်ရှူကြတဲ့ ငါးအမျိုးအစားတွေ သေကြတယ်။ ငါးခုံးမတို့၊ ငါးပါးနီတို့ အဲဒီငါးမျိုးတွေ သေကြတယ်။ အောက်မှာရှိတဲ့ ငါးသလဲထိုးတို့က ဘာမှမဖြစ်ဘူး။ အသက်ရှင်ကြတယ်။ အလယ်လောက်မှာနေကြတဲ့ ငါးတွေပဲ သေတာ။ ချောင်းရိုးတစ်လျှောက်ကိုတော့ လူအားနဲ့ ရှင်းလင်းထားပြီးပါပြီ။ အဆိပ်မိသေတယ် ဆိုရင်လည်း ရှင်တဲ့ငါးတွေက ရှင်နေကြသေးတယ်။ ရေနည်းရင်တော့ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။ ချောင်းရေကလည်း ပိတ်ထားတယ်။ အမှိုက်တွေကလည်း ပစ်ချကြတော့ ရေညစ်ပတ်သွားလို့ ဖြစ်နိုင်ပါတယ်။ လောလောဆယ် မျက်မြင်ကတော့ အောက်ဆီဂျင်နည်းလို့ ဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်စုစုဟန်က ပြောကြားသည်။

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ခန့် နေထိုင်ကြောင်း၊ ဥတ္တံတားကျေးရွာတွင် ၀င်းကမော့ချောင်းအပြင် အခြားချောင်း သုံးချောင်းရှိကြောင်းနှင့် အဆိုပါချောင်းများကို မှီခိုပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် ခြံလုပ်ငန်းများ လုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment