19.1.17

သက်ကြီးရွယ်အို နည်းဥပဒေပေါ်ထွက်ရန် စတင်ရေးဆွဲနေပြီး လာမည့်ဘတ်ဂျက်ကာလတွင် အသက် ၉၀ ကျော် အရွယ်များအား တစ်လ ကျပ်တစ်သောင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် သက်ကြီးရွယ်အိုနည်း ဥပဒေပေါ်ထွက်ရန် စတင်ရေးဆွဲနေပြီး လာမည့်ဘတ်ဂျက်ကာလတွင် အသက် ၉၀ ကျော် အရွယ်များအား တစ်လလျှင် ကျပ်တစ်သောင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

သက်ကြီးရွယ်အိုများနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရသစ်အဖြစ် တာဝန်ယူချိန်က စတင်ကာ သက်ကြီးရွယ်အိုဥပဒေအား ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ကြီးရွယ်အိုဥပဒေအား အကောင်အထည်ဖော်ရန် အဆိုပါ ၀န်ကြီးဌာနအနေဖြင့် နည်းဥပဒေထွက်ပေါ်ရန် စတင်ဆောင်ရွက်နေကြောင်း သိရသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဒီဥပဒေ ပေါ်ပေါက်တဲ့အခါမှာ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ပဲ ရှိပါတယ်။ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ နည်းဥပဒေလိုတယ်။ ဥပဒေနှင့် ချိတ်ဆက်ထားတဲ့ မူဝါဒတွေလိုတယ်။ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်နေပြီ။ မူဝါဒရေးဆွဲဖို့ လုပ်ငန်းတွေ လုပ်နေပါပြီ။ ဥပဒေပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် နည်းဥပဒေနဲ့ ဆက်စပ်နေတဲ့မူဝါဒတွေ မပေါ်ခင်တောင်မှ ဒီဥပဒေကို ကျွန်တော်တို့ စတင်ကျင့်သုံးလို့ရပါတယ်။ စတင်ကျင့်သုံးပါမယ်” ဟု ပြောကြားသည်။
အဆိုပါ ဥပဒေထဲတွင် သက်ကြီးရွယ်အိုများနှင့် သက်ဆိုင်သည့် အခွင့်အရေး အများအပြား ပါဝင်ပြီး သက်ကြီးရွယ်အိုနှင့် သက်ဆိုင်သည့် သက်ကြီးရွယ်အိုပင်စင် ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ကျွန်တော်တို့ ဥပဒေမှာ လုပ်နိုင်တဲ့ ဥပဒေကိုပဲ ထည့်ထားတယ်။ အသက်အရွယ် အပိုင်းခြားအလိုက် ပင်စင်နဲ့ပတ်သက်ပြီး သက်ကြီးရွယ်အို ခံစားခွင့်တွေကို ပေးမယ်လို့ ထည့်ထားတယ်။ အသက် ၉၀ ကျော်ကနေ စမှာဖြစ်ပါတယ်။ လာမယ့် ဘတ်ဂျက်ကာလ ကစပြီးတော့ တစ်လကို တစ်သောင်းထောက်ပံ့ဖို့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားသည်။
အဆိုပါဝန်ကြီးဌာန အနေဖြင့် သက်ကြီးရွယ်အိုနည်းဥပဒေအား စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီး တစ်နိုင်ငံလုံးတွင်ရှိသည့် အသက် ၉၀ ကျော် စာရင်းအား တွက်ချက်ကာ စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အသက် ၆၀ ကျော်မှ အသက် ၈၀ ကျော်အထိ အဆင့်ဆင့် ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ၀န်ကြီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် နှစ်နှစ်အောက်ကလေး သူငယ်များ ထောက်ပံ့ခြင်း အစီအစဉ် အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် လစဉ် ထောက်ပံ့ငွေကျပ် ၁၅၀၀၀ နှင့် ၎င်းတို့မှ မွေးဖွားလာသည့် သားသမီးများအား တစ်လလျှင် ကျပ်ငွေ ၁၅၀၀၀ အား ကလေးအသက် နှစ်နှစ်အရွယ်အထိ ထောက်ပံ့မည့် အစီအစဉ်အား ချင်းပြည်နယ်တွင်စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ထောက်ပံ့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းမှာ မိခင်နှင့်ကလေးငယ်များ အာဟာရပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအရ ဆောင်ရွက်ခြင်းဖြစ်ပြီး လူသားဘ၀ရက် တစ်ထောင်တွင် ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံး အချိန်ဖြစ်သည့် အတွက်ဖြစ်ကြောင်း သိရသည်။
ပထမဆုံး စတင်မည့် ချင်းပြည်နယ်အား ဥရောပနိုင်ငံများ ဖွဲ့စည်းထားသည့် အလှူ ရှင်နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်သည့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ လုံခြုံရေး ရန်ပုံငွေအဖွဲ့မှ နှစ်နှစ်အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ထားပြီး လာမည့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်ကာလတွင် ရခိုင်ပြည်နယ်နှင့် နာဂဒေသများတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
Credit To >>> Eleven Media  Group

0 comments:

Post a Comment