29.3.13

ဖွံ့ဖြိုးပြီးနိုင်ငံများ ရွေးချယ်ရမည့် ၂၁ ရာစု လူဦးရေစိန်ခေါ်မှု

ပြည်ပမှ ရွှေ့ပြောင်း အခြေချ ဝင်ရောက် လာသူ များကို ဆက်ပြီး လက်ခံ မလား။ ကိုယ့်နိုင်ငံမှာ လူဦးရေ ကျကျ သွားတာကို လက်ပိုက် ကြည့်နေမလား ဆိုတဲ့ ပြဿနာကို ရင်ဆိုင် နေရသည့် နိုင်ငံများ ၂၁ ရာစုတွင် များသည်ထက် များလာသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ထဲတွင် ထိုပြဿနာနှင့် ရှေ့တန်းတွင် အဓိက ရင်ဆိုင် နေရသည့် နိုင်ငံမှာ ဂျပန် ပေတည်း။ လာမည့် ဆယ်စုနှစ် လေးခုအတွင်း လူဦးရေ ၁၄ ရာခိုင်နှုန်း ကျသွားမည်ဟု တွက်ချက် ခန့်မှန်း ထားသည်။

ထိုပြဿနာ အဓိက ဖြစ်ရခြင်း အကြောင်းရင်းမှာ ဖွားသေနှုန်း ဖြစ်လေသည်။ သေနှုန်းက ဖွားနှုန်းထက် မြင့်လာသည့် အခါ ရွှေ့ပြောင်း ဝင်ရောက် လာသူများသာ မပါခဲ့ပါလျှင် လူဦးရေ ကျိန်းသေ ကျပေ တော့မည်။ ယနေ့ သေနှုန်းက မွေးနှုန်းထက် မြင့်နေသော တစ်ဒါဇင် မျှရှိသည့် နိုင်ငံများ ထဲတွင် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဂျပန်၊ ပေါ်တူဂီ၊ ရုရှားနှင့် ယူကရိန်း တို့လည်း ပါဝင်သည်။ ယခု ရာစုနှစ်၏ ထက်ဝက် လောက်တွင် နောက်ထပ် နိုင်ငံ ၂၄ နိုင်ငံတွင်လည်း လူဦးရေ ကျဆင်း ဖို့ရှိပြန်ရာ ရွှေ့ပြောင်းများ ဝင်ရောက် လာနေသော်လည်း ဂျော်ဂျီယာနှင့် ဘူဂေးရီးယား ဆိုလျှင် ၂၆ ရာခိုင်နှုန်း လောက်အထိ လူဦးရေ ကျသွားနိုင်ပြီး တရုတ် ပင်လျှင် လူဦးရေ ၅ ရာခိုင်နှုန်း ကျဆင်း နိုင်ပေသည်။

ရွှေ့ပြောင်းများ ဝင်ရောက် အခြေချ လာမှုကို လုံးဝဖယ်ပြီး တွက်ပါက သြစတြီးယား၊ ဂျာမနီ၊ အီတလီနှင့် ရုရှားတို့၏ လူဦးရေ ကျဆင်းသွား နိုင်ခြေသည် ခန့်မှန်း တွက်ထုတ် ထားသည် ထက်ပင် ပိုများ နိုင်ပေသည်။ အီတလီ နိုင်ငံသို့ နှစ်စဉ် ဝင်လာသော ရွှေ့ပြောင်း နေထိုင်လာသူ အရေအတွက်ကို တစ်နှစ်လျှင် တစ်သိန်း သုံးသောင်း ငါးထောင် ဟု အသေသတ်မှတ် လိုက်ကြည့်ပါက ၂၀၅၀ ခုနှစ်တွင်ရှိနေမည့် အီတလီ၏ လူဦးရေသည့် လက်ရှိအချိန်ထက် ၃ ရာခိုင်နှုန်း နည်းနေဦးမည်ပင် ဖြစ်သည်။

ရွှေ့ပြောင်း ဝင်ရောက်လာသူများကို လုံးဝထည့်မတွက်တော့ ဆိုလျှင်ကား ရာစုနှစ်ဝက်တွင် အီတလီ၏ လူဦးရေ သည် ၁၅ ရာခိုင်နှုန်းလောက် လျော့သွားမည် ဖြစ်ပေတော့သည်။ ဖွားနှုန်းထက် သေနှုန်းက များနေခြင်းမှာ သေနှုန်းက မြင့်နေသော ကြောင့်မဟုတ်ပေ။ မွေးနှုန်းကျသော ကြောင့်ဖြစ်သည်။ အမျိုးသမီး တစ်ဦးလျှင် ကလေးနှစ်ဦး မွေးသည် ဆိုသော အခြေခံ ယေဘုယျ ခန့်မှန်း ထားမှုထက် မွေးနှုန်းက ကျနေသောကြောင့် ဖြစ်၏။ ဒီကြားထဲ ပြည်ပမှ ဝင်ရောက်လာ သူတွေကလည်း မရောက်၊ အမျိုးသမီး များ၏ မွေးနှုန်းကျခြင်း တို့ကလည်း ရှိနေလျှင်ကား ထိုနိုင်ငံ၏ လူဦးရေ ကျနေပေ တော့မည်။

ထိုတိုင်းပြည် များတွင် အမျိုးသမီး များ၏ ကလေးရယူ နှုန်းသည် အိမ်ထောင်စု တစ်စုလျှင် ကလေး တစ်ယောက် ခွဲသာ ရှိသည့် သဘော ဖြစ်ပေ၏။ လူဦးရေတိုးနှုန်း များလှပါသည် ဆိုသော အိန္ဒိယတွင်ပင် အမျိုးသမီး တစ်ဦး၏ သားသမီး ရယူနှုန်းသည် ၂ ဒသမ ၅ ယောက်ဖြစ်ပြီး ထိုတိုးနှုန်းမှာလည်း ၃ ဒသမ ၂ ယောက်မှကျဆင်း လာခြင်း ဖြစ်ပေတော့၏။ အများနှင့် ယှဉ်ပါက မွေးနှုန်းမြင့်နေသော အိန္ဒိယသည် ၄င်း၏လူဦးရေမြင့်မားမှုနှင့် အချိုးပြုပြီး တွက်ထုတ်ကြည့်သောအခါ ကမ္ဘာ့လူဦးရေတိုးနှုန်း ၇၈ သန်း၏ ၂၂ ရာခိုင်နှုန်းလောက်ကို သူက တာဝန်ယူထားသလိုဖြစ်၏။

ထိုအတိုင်းဆိုလျှင် လာမည့်ရှစ်နှစ်အတွင်း တရုတ်၏ လူဦးရေကို ကျော်တက်သွားဖွယ် ရှိပေသည်။ အကယ်၍ ထိုသို့ မွေးနှုန်းနှင့်သေနှုန်း မမျှဘဲ မွေးနှုန်းက လျော့ကျနေသောနိုင်ငံများမှ အစိုးရတို့သည် လူဦးရေ အချိုးအစားကို တည်ငြိမ်အောင် ပြုလုပ်လိုပါက ထိုမညီမျှချက်ကို ပြည့်မီအောင် ပြည်ပမှ ဝင်ရောက်အခြေချလာ သူများနှင့် ချိန်ခွင်လျှာကို ညှိရပေတော့မည်။ ဥပမာဆိုရလျှင် ဂျာမနီနိုင်ငံ၏ ၈၂ သန်းတည်းဟူသော လူဦးရေပမာဏ ကိုထိန်းသိမ်းထားလိုပါက ခန့်မှန်းခြေအားဖြင့် ပြင်ပမှ ဝင်ရောက်လာသူ နှစ်သိန်း လောက်ဖြင့် နှစ်စဉ် ပြန်လည်ဖာထေး ရပေတော့မည်။

ဂျပန်နှင့် ရုရှားတို့ဆိုလျှင် လက်ရှိလူဦးရေ ပမာဏကို ထိန်းထားလိုပါက နှစ်စဉ်ပြင်ပမှ လူနှစ်သိန်း သုံးသောင်းနှင့် သုံးသိန်းခွဲလောက် အသီးသီး ရွှေ့ပြောင်းဝင်လာနေကြဖို့ လိုပေသည်။ အဆိုပါ ပမာဏသည် လက်ရှိဝင်ရောက်လာပြီး နေထိုင်နေကြသော လူဦးရေထက် အဆပေါင်းများစွာ ပိုပေတော့၏။ လူဦးရေတိုးနှုန်းရှုထောင့်ဘက်ကကြည့်လျှင် မွေးနှုန်းကလေးနှစ်ယောက် နီးပါးအဆင့်ရှိသော သြစတြီးယား၊ ပြင်သစ်၊ နယူးဇီလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စု တို့ပင်လျှင် ရွှေ့ပြောင်းတို့၏ အခန်းကဏ္ဍသည် အနာဂတ် လူဦးရေတိုးနှုန်းအတွက် ကြီးစွာသော သက်ရောက်မှု ရှိနေဆဲ ဖြစ်ပေတော့ သည်။

သာဓကပြရလျှင် ယူကေနိုင်ငံ၏ ရာစုနှစ်ဝက် လူဦးရေ တိုးနှုန်းမှ ၉၅ ရာခိုင်နှုန်းသည် ရွှေ့ပြောင်း တို့နှင့် ၄င်းတို့၏မျိုးဆက်များကြောင့်က အဓိကဖြစ်နေမည်ဟု သုံးသပ်ထားသည်။ သြစတြေးလျနှင့် အမေရိကန် ပြည်ထောင်စုတို့၏ လူဦးရေများသည် ပြည်ပမှ ဝင်ရောက်ရွှေ့ပြောင်းလာသူ တို့အပါအဝင် ၃၅ ရာခိုင်နှုန်းနှင့် ၂၇ ရာခိုင်နှုန်းအထိ တက်လာမည်ဖြစ်ကာ ရွှေ့ပြောင်းများသာ ဝင်ရောက်လာခြင်း မရှိပါက လူဦးရေတိုးနှုန်းသည် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပေလိမ့် မည်။

သက်ကြီးလူထုဦးရေ များလာခြင်း ကလည်း ထည့်တွက်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လေ သည်။ မွေးနှုန်းက သေနှုန်းကို မကျော်လွန်နိုင်သော နိုင်ငံများတွင် သက်ကြီးရွယ်အိုအရေအတွက် ကလည်း များလာပြီး အလုပ်လုပ်နိုင် သည့် လူဦးရေကလည်း ကျဆင်းလာပေသည်။ အီတလီသည် လာမည့်ရာစု နှစ်ဝက်တွင် သက်ကြီးလူဦးရေ လက်ရှိ ၏ ၅၇ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကာ အလုပ်လုပ်နိုင်မည့် လုပ်သားအင်အားစု (အသက် ၂၀ မှ ၆၄ နှစ်အတွင်း) သည် လက်ရှိပမာဏ၏ ၂၂ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိရာ ထိုကွာဟမှုကိုပြည့်မီ စေရန်အတွက် ရွှေ့ပြောင်း တစ်သန်း သုံးသိန်းငါးသောင်း လိုအပ်ပေတော့ သည်။

အကယ်၍ ပြည်ပလုပ်သားသွင်း အားသာထည့်မတွက်ပါက အီတလီ၏ အလုပ်လုပ်နိုင်သော လူဦးရေသည် ၄၄ ရာခိုင်နှုန်း ကျဆင်းသွားပေတော့မည်။ ဖွားနှုန်းပြန်လည် ပြည့်မီပါသည် ဆိုသော နိုင်ငံအများပင် သက်ကြီးရွယ်အို များလာခြင်းကြောင့် ရွှေ့ပြောင်းဝင်လာမည့် သူများအတွက် အနီး ကပ်စောင့်ကြည့် လေ့လာပြင်ဆင် နေရပေပြီ။

ဥပမာအားဖြင့် ဆိုရလျှင် အမေရိကန် ပြည်ထောင်စုမှ အသက် ၂၀ မှ ၆၄ နှစ် ကြား အလုပ်လုပ်နိုင်မည့် လူဦးရေသည် တစ်နှစ်လျှင် ပြင်ပမှရွှေ့ပြောင်းလာသူ တစ်သန်း ဝင်ရောက်လာပါက ရာစု နှစ်ဝက်တွင် ၁၇ ရာခိုင်နှုန်းတက်လာ မည်ဖြစ်သည်။ အကယ်၍ အမေရိကန် ပြည်ထောင်စုက ရွှေ့ပြောင်းများကို ဝင်ရောက်လာခြင်း ရပ်လိုက်ပါက ၂၀၅၀ ခုနှစ်တွင် ယနေ့ခေတ် အလုပ်လုပ်နိုင်သည့် လူဦးရေထက်ပင် ၁ ရာခိုင်နှုန်း လောက်ပင် လျော့သွားနိုင်ပေသည်။ ဝင်လာမည့် ရွှေ့ပြောင်းအင်အား စုသည် လည်း မွေးဖွားသေဆုံးရာ အချက်အလက်များက ထည့်သွင်း စဉ်းစားစရာဖြစ်သည်။

ယနေ့ရွှေ့ပြောင်း လာကြသူများဆိုသည်မှာ တိုင်းရင်းသား အရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ လက်ခံပေးမည့် နိုင်ငံများနှင့် ဖီလာမှု များ ရှိနေတတ်ပေရာ ယဉ်ကျေးမှုအရ တစ်သားတည်း ဖြစ် လာအောင်ကြိုးပမ်း ရာတွင် စိုးရိမ်ရမှုများ ရှိတတ်ပြီး မျိုးနွယ်စုအရ ပြဿနာများပင် ဖြစ်လာမည်ကို သတိထားရပေသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့ ကဲ့သို့သောနိုင်ငံ များတွင် တစ်မျိုးတည်းသော မျိုးနွယ်ရှိသည့် သဘောကို အကောင်းတရားဟု မြင်ပေသည်။

သက်ကြီးများ ပင်စင် ပေးနိုင်ရေးအတွက် ရွှေ့ပြောင်းယဉ်ကျေးမှု မတူသူများကို ထိုနေရာများသို့ အုံလိုက် ကျင်းလိုက် ဖိတ်ခေါ်လက်ခံခဲ့လျှင်လည်း လူမှုရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ အာဖရိက၊ အာရှ၊ ဥရောပနှင့် အခြား ဒေသများမှ ပြဿနာများကိုပါ လက်ခံလိုက်သကဲ့သို့ လည်း ဖြစ်သွား နိုင်ပေသည်။ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးကဏ္ဍတို့က ရွှေ့ပြောင်းဝင် ရောက်လာသူများကို လူဦးရေကျခြင်း၊ သက်ကြီးရွယ်အိုများလာခြင်း စသည့် ပြဿနာများအတွက် နိုင်ငံရေး၊ စီးပွားရေး ရှုထောင့်မှ ကောင်းကျိုးအဖြစ် စဉ်းစားကောင်း စဉ်းစားကြမည် ဖြစ်သော်လည်း ပြည်သူလူထုကတော့ တိုင်းတစ်ပါးသားများ အုံလိုက်ကျင်း လိုက်ဝင်လာကြမည့် အစီအစဉ်ကို ဝမ်းပန်းတသာကြီး ကြိုဆိုကြမည်တော့ မဖြစ်နိုင်ပေ။ စင်ကာပူတွင် နိုင်ငံ ခြားမှ ရွှေ့ပြောင်းများကိုကြိုဆိုသည့် အစီအစဉ်အား စင်ကာပူသားတို့ ဆန္ဒပြ ကြခြင်းကို ကြည့်၍ သိနိုင်ပေသည်။

စင်ကာပူသည် အမျိုးသမီးတစ်ဦး ၏မွေးဖွားနှုန်းမှာ ကလေး ၁ ဒသမ ၃ ဦး အဆင့်သာရှိပေသည်။ လူထုသည် တစ်ခါတစ်ရံ တိုင်းတစ်ပါးသားများ လာနေကြခြင်းကြောင့် အလုပ်အကိုင်ရဖို့ ပိုကျပ်လာသည်။လုပ်အားခ ကျဆင်းလာသည်။ ရာဇဝတ်မှု တိုးလာသည်။ ဈေးတက်လာသည်။ ပြည်သူ့ပညာရေး ကျဆင်းလာသည်။ ဝန်ဆောင်မှုများ ဈေးမြင့်လာသည်။ အစရှိသဖြင့် မြင်ကြသည်။ တရားမဝင် ရွှေ့ပြောင်းများနှင့် အလုပ်လာလုပ်သူ များကို လူထုက သိပ်ပြီးအကောင်းမြင် ကြသည်တော့မဟုတ်ပေ။

အလုပ်အကိုင် ရှားပါးခြင်း၊ ဥပဒေချိုးဖောက်မှုများလာ ခြင်းနှင့် ဈေးကွက်ပုန်းများဖြစ်လာခြင်း တို့သည် ဈေးပေါသော တရားမဝင် လုပ်သားများကြောင့်ဟု ရွှေ့ပြောင်း ဆန့်ကျင်ရေး အတွေးအခေါ် တစ်ခုလည်း ရှိသည်။ တိုင်းပြည်အတော်များများတွင် ကောက်ယူထားသော လူထုစစ်တမ်းများ အရ ပြည်သူ လူထု အများစုက လက်ရှိ ရွှေ့ပြောင်း ဝင်ရောက်လာကြသူများ အရေအတွက်ကို လျှော့ချချင်ကြပြီး တရားမဝင် ဝင်ရောက်လာကြသူများ ကို မူရင်းဌာနေသို့သာ ပြန်ပို့လိုကြပေသည်။

ရုရှားတွင် စစ်တမ်းဖြေကြားခဲ့ ကြသူ သုံးပုံနှစ်ပုံခန့်က ရွှေ့ပြောင်းဝင် လာသူများ အရေအတွက် ကို လျှော့စေချင်ကြပြီး ၇၃ ရာခိုင်နှုန်းက တရားမဝင် ပြန်ပို့ပစ်လိုကြသည်။ မွေးဖွားနှုန်းနှင့် သေဆုံးမှုမညီ မျှခြင်းကြောင့် ကလေးမွေးဖွားမှု ကို မြှင့်တင်လိုကြခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ အမြန်ဆုံးအကောင် အထည်ဖော်ရန် ဖော်ပြပါ အစိုးရများအဖို့ မဖြစ်နိုင်ပေ။

ရွှေ့ပြောင်းဝင်ရောက်လာသူ များ၏ လုပ်အားဖြင့်သာ လုပ်သား အင်အားစု လျော့ပါးခြင်း၊ သက်ကြီး ရွယ်အို များလာခြင်းတို့ကို ထေမိအောင် လုပ်နိုင်ပြီး စီးပွားရေးတိုးတက်မှုကို ထိန်းနိုင်မည်။ တစ်ဖက်က လူမှုရေး ပြဿနာများ ပါလာမည်ဖြစ်သည်။ နိုင်ငံ သားတွေ နည်းလာတာကို ထိုင်ကြည့်မလား။ အပြင်လူတွေကို လက်ခံမလား ရွေးချယ်ရမည်။

0 comments:

Post a Comment