29.3.13

နေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲကြို ခန့်မှန်းချက်

ပွဲစဉ် ၆ ပွဲစဉ်တွေ အပြီး လေးရက်အကြာမှာပဲ ပွဲစဉ် ၇ ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာပဲဖြစ်တယ်။ ၄ ရက်ခန့်သာ အနားယူရပြီး နောက်တစ်ပွဲ ပြန်လည်ကစားရမှာဖြစ်လို့ အသင်းတွေ အနည်းနဲ့အများ ပွဲပန်းမှု အခက်အခဲ အချို့တော့ ရှိကြမှာပါ။ ဒီတစ်ပတ်မှာတော့ တကယ့်ကို အသင်းကြီးတွေ ထိပ်တိုက်တွေ့ ဆုံနေကြလို့ ပွဲကြီးပွဲကောင်းတွေ ကြည့်ရဦးမှာပါ။ ပြီးခဲ့တဲ့တစ်မှာ လက်ရှိ ချန်ပီယံကို အနိုင်ယူထားတဲ့ ဧရာဝတီအသင်းက ရတနာပုံအသင်းနဲ့ တွေ့ဆုံနေသလို၊ ရန်ကုန် အသင်းကလည်း ကမ္ဘောဇ အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။ ဒါ့အပြင် ဇေယျာရွှေမြေ အသင်းကလည်း ယခုနှစ်ရာသီမှာ စုဖွဲ့မှု အကောင်းဆုံး ဖြစ်နေတဲ့ မကွေး အသင်းနဲ့ တွေ့ဆုံ နေပါတယ်။ ပွဲစဉ်တွေ အပြီးမှာတော့ ဇေယျာရွှေမြေ အသင်းကပဲ ဇယားထိပ်ဆုံးကို ဆက်လက် ဦးဆောင်ထားနိုင်ဦးမလား ဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေပါတယ်။
၂၉-၃-၂၀၁၃ ဧရာဝတီ - ရတနာပုံ
ပြီးခဲ့တဲ့ တစ်ပတ်မှာ လက်ရှိချန်ပီယံကို ဧရာဝတီတို့ အနိုင်ကစားနိုင်ခဲ့လို့ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုတွေ ပြန်လည် အားကောင်းလာပြီပဲ ဖြစ်ပါတယ်။ တောင်ကြီးကွင်းမှာ အိမ်ရှင်အသင်းကို သရေကစားနိုင်တဲ့ ရတနာပုံအသင်းရဲ့ အနေအထားကို ကြည့်မယ် ဆိုရင် ပြည်တွင်းနည်းပြလက်ထက်မှာ အသင်းစုဖွဲ့မှု ပြန်လည် ကောင်းမွန်လာတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ အနေအထားက အတက်ဘက်ကို ဦးတည်နေတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွေမှာ ဧရာဝတီက နှစ်ကြိမ် အသာရထားပြီး တစ်ကြိမ်က သရေကျထားပါတယ်။ အစဉ်အလာအရ ဧရာဝတီအသင်းက ရတနာပုံအသင်းနဲ့ ဆုံတိုင်း အသာ ရတတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အပြန်အလှန်ကစားရင်း သရေ ဖြစ်သွားနိုင်ပါတယ်။
၂၉-၃-၂၀၁၃ ရန်ကုန် - ကမ္ဘောဇ
ပြီးခဲ့တဲ့တစ်ပတ်မှာ ဧရာဝတီအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံ ရန်ကုန်တို့ ဖိအား အနည်းငယ် ၀င်နေပါပြီ။ ဇယားထိပ်ဆုံးက ဇေယျာရွှေမြေအသင်းနဲ့ အမှတ်ကွာဟမှု မကြီးမားစေဖို့ ရန်ကုန်အသင်း ဒီပွဲကို အမှားခံမှာ မဟုတ်ပါဘူး။ ကမ္ဘောဇ အသင်းက ရန်ကုန်အသင်းနဲ့ ဆုံတိုင်း အနည်းဆုံး သရေတော့ ရအောင် ယူတတ်တဲ့ အသင်းမျိုးဖြစ်တဲ့အပြင် တိုက်စစ်မှူး နူးနက်စ်ကလည်း အလွတ်တည်ကန်ဘောတွေကနေ အသင်းအတွက် အနိုင်ဂိုးတွေ ယူပေးနေတဲ့ ကစားသမားပါ။ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုတွေမှာ တစ်သင်းစီက တစ်ကြိမ်စီ အနိုင်ရထားကြပြီး တစ်ကြိမ်ကတော့ သရေကျထားပါတယ်။ ဒီတစ်ကြိမ်မှာလည်း အကြတ်အနယ်ကစားရင်း တစ်မှတ်စီ ခွဲယူကြဦးမှာပါ။
၃၀-၃-၂၀၁၃ ဇေယျာရွှေမြေ - မကွေး
အမှတ်ပေးဇယား ဒုတိယနေရာက ရန်ကုန်အသင်းကို အမှတ်ဖြတ်နိုင်ဖို့အတွက် ဇေယျာရွှေမြေတို့ မကွေးအသင်း နဲ့ပွဲကို အမှားခံမှာ မဟုတ်ပါဘူး။ မကွေးအသင်းရဲ့ ရလဒ်ပိုင်းက တစ်ပွဲနဲ့တစ်ပွဲ တည်ငြိမ်မှု မရှိသေးပေမယ့် ၆ ပွဲကစားပြီးမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းပါ။ ဒါကြောင့် ဇေယျာရွှေမြေ တို့ မကွေးကို လျော့တွက်ရင် ခံစားသွားရမှာ ပါ။ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုတွေ မှာ ဇေယျာရွှေမြေက နှစ်ကြိမ် နိုင်ထားပြီး မကွေးက တစ်ကြိမ် နိုင်ထားပါတယ်။ အိမ်ကွင်းပရိသတ်အား ရှိတဲ့ ဇေယျာရွှေမြေတို့ ဒီပွဲကို အနည်းဆုံး တစ်မှတ်နဲ့ သုံးမှတ်ရအောင် ကစားသွားမှာပါ။
၃၀-၃-၂၀၁၃ ဇွဲကပင် - နေပြည်တော်
ဇွဲကပင် အသင်းက နှစ်ပွဲဆက် သရေပွဲတွေသာ ရရှိနေပြီး နိုင်ပွဲ ပျောက်ဆုံးနေလို့ နေပြည်တော်နဲ့ပွဲမှာ အမှတ်ရအောင် ရုန်းမှာပါ။ နေပြည်တော် အသင်းက ဇွဲကပင်အသင်းနဲ့ ဆုံတိုင်း ဂိုးပြတ်တွေနဲ့ အသာရထားပေမယ့် ဒီတစ်ကြိမ်မှာတော့ အင်အားပိုမို တောင့်တင်းလာတဲ့ ဇွဲကပင်အသင်းကြောင့် အနည်းငယ် ရုန်းကန်ရနိုင်ပါတယ်။ ဇွဲကပင်အသင်းက နောက်တစ်ပွဲမှာ ကမ္ဘောဇနဲ့ ကစားရမှာ ဖြစ်လို့ နေပြည်တော်နဲ့ ပွဲမှာ အမှတ်ရသလောက်ယူမှာဖြစ်ပါတယ်။ နိုင်ပွဲလိုနေတဲ့ ဇွဲကပင်အသင်းရဲ့ ရုန်အား ကြောင့် နေပြည်တော်တို့ အမှတ်ခွဲပေးရနိုင်ပါတယ်။
၃၁-၃-၂၀၁၃ မနောမြေ - ဆောက်သမ်း
ပွဲစဉ် ၆ ပွဲကစားအပြီးမှာ နိုင်ပွဲမရရှိသေးတဲ့ မနောမြေတို့ ဆောက်သမ်းနဲ့ပွဲမှာ နိုင်ပွဲစတင်ရရှိအောင် ကြိုးစားမှာဖြစ်ပါတယ်။ ဆောက်သမ်း အသင်းက ပြည်တွင်းကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းဆိုပေမယ့် ရာသီအစမှာ ကမ္ဘောဇအသင်းကိုတောင် အဝေးကွင်းမှာ အနိုင်ကစားထားနိုင်တဲ့ အသင်းပါ။ နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုတွေမှာ တစ်သင်းစီက တစ်ကြိမ်စီအနိုင်ရထားပြီး တစ်ကြိမ်က သရေကျ ထားပါတယ်။ နိုင်ပွဲလိုအပ်နေတဲ့ မနောမြေတို့ ဒီပွဲမှာ အစွမ်းကုန်အားထည့်မှာ ဖြစ်ပေမယ့် ဆောက် သမ်းရဲ့ ရုန်းအားကြောင့် ခက်ခဲနိုင်ပါတယ်။ အကြိတ်အနယ်ကစားပြီးမှ မနောမြေတို့ ကပ်နိုင်သွားနိုင်ပါတယ်။
၃၁-၃-၂၀၁၃ ရခိုင်ယူနိုက်တက် - ဟံသာဝတီ
ရာသီအစမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ ရခိုင်ယူနိုက်တက်အသင်းက ဟံသာဝတီကွင်းလယ် လူ မြင့်နိုင်၊ နောက်ခံလူဟောင်း ဘန်ဆန်တို့ကို ပြန်လည် ခေါ်ယူအားဖြည့်ထားပါတယ်။ ဟံသာဝတီ ယူနိုက်တက်အသင်းက ၆ ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားသေးလို့ နိုင်ပွဲ ရှာဖွေနေတဲ့ အသင်းပါ။ ရခိုင်ယူနိုက်တက်အသင်းရဲ့ ရုန်းအားကြောင့် ဟံသာဝတီတို့ အနည်းငယ် ရုန်းကန်ရနိုင်ပေမယ့် ဟံသာဝတီ အသင်းပဲ အနိုင်ရရှိသွားမှာပါ။
၂၉-၃-၂၀၁၃ ဧရာဝတီ - ရတနာပုံ ၄း၀၀ (အောင်ဆန်း)
၂၉-၃-၂၀၁၃ ရန်ကုန် - ကမ္ဘောဇ ၄း၀၀ (သုဝဏ္ဏ) Channel-7 Live
၃၀--၃-၂၀၁၃ ဇေယျာရွှေမြေ - မကွေး ၄း၀၀ (မုံရွာ)
၃၀-၃-၂၀၁၃ ဇွဲကပင် - နေပြည်တော် ၄း၀၀ (အောင်ဆန်း) Channel-7 Live
၃၁-၃-၂၀၁၃ မနောမြေ - ဆောက်သမ်း ၄း၀၀ (သုဝဏ္ဏ)
၃၁-၃-၂၀၁၃ ရခိုင်ယူနိုက်တက် - ဟံသာဝတီ ၄း၀၀ (အောင်ဆန်း) Channel-7 Live

0 comments:

Post a Comment