29.3.13

ဘန်ဆန်အား ပြန်လည်ခေါ်ယူခဲ့သည့် ရခိုင်ယူနိုက်တက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီတွင် ရလဒ်များ ဆိုးရွားနေသည့် ရခိုင်ယူနိုက်တက် အသင်းသည် ၄င်းတို့၏ ကွင်းလယ် ခံစစ်မှူးဟောင်း ဘန်ဆန်အား ခြောက်လသက်တမ်းရှိ စာချုပ် တစ်ရပ်ဖြင့် ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရသည်။
ဘန်ဆန်သည် ရခိုင်ယူနိုက်တက်အသင်း၌ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ဘောလုံးရာသီအစပိုင်းထိ အသင်း၌ ကစားခဲ့သူတစ်ဦးဖြစ်ပြီး အသင်းနှင့် လမ်းခွဲအပြီး သုံးလအကြာ၌ အသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ကွင်းလယ်ခံစစ်မှူး ဘန်ဆန်က “ အရမ်းကို အံ့သြသွားပါတယ်။ အသင်းဥက္ကဋ္ဌကိုယ်တိုင်က ကမ်းလှမ်းလာတဲ့အတွက်ပါ။ ဒီအသင်းမှာ ကျွန်တော် ၂နှစ်ကစားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အသင်းနဲ့လမ်းခွဲခဲ့ရပေမယ့် ဒီကိုမလာခင် အထိ ရခိုင်အသင်းဟာ ကျွန်တော်စိတ်ထဲမှာ အမြဲအမှတ်တရ ရှိနေတဲ့အသင်းပါ။ အသင်းရဲ့သတင်းတွေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ချစ်တဲ့ ရခိုင်အသင်းမှာ ပြန်လည်ကစားခွင့်ရပါပြီ။ ကစားသမားအများစုဟာလည်း ကျွန်တော်နဲ့
ကစားလာခဲ့တဲ့ ကစားသမားတွေပါ။ နားလည်မှုရဖို့ အချိန်အများကြီး ယူစရာမလိုတော့ဘူးပေါ့။ နည်းပြချုပ်ဦးအောင်နိုင်နဲ့လည်း အဆင်ပြေပါတယ်။ ရခိုင်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ရခိုင်ယူနိုက် တက်အသင်းသည် လာမည့် မတ် ၃၁ ရက် အောင်ဆန်းကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

0 comments:

Post a Comment