22.6.13

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အတွက် ဗြိတိန်နိုင်ငံက စတာလင်ပေါင် သန်း ၁၈၀ ကျော် ကူညီမည်

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ပဋိပက္ခ ရိုက်ခတ်ခံရသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံအတွက် ဗြိတိန်နိုင်ငံက စတာလင် ပေါင်သန်း ၁၈၀ ကျော် လှူဒါန်းရန် စီစဉ် ထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး အလယ်(န်)ဒန်ခင်(န်)က ဇွန် ၂၀ရက်က နေပြည်တော်တွင် ပြောကြား သည်။

''ဒီငါးနှစ် စီမံကိန်း အတွင်းမှာ ကျန်းမာရေး၊ ပညာရေး၊ ကြွယ်ဝမှု ဖန်တီးခြင်းသာမက ပဋိပက္ခ၏ ရိုက်ခတ်မှု ကို ခံရသူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ များကဲ့သို့သော နယ်ပယ်တွေကို အလေးထား ဆောင်ရွက်ဖို့ လှူဒါန်းတာပါ။ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ရေလွှမ်းမိုးခြင်း၊ ရောဂါဘယ ဒဏ်ကြောင့် ဘေးအန္တရာယ် ကျရောက်နေသူတွေကို ကူညီပံ့ပိုးမှု ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်'' ဟု ဗြိတိန်ဖွံ့ဖြိုးရေး ၀န်ကြီးက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းမှ ဒုက္ခသည်ပေါင်း ၈၀၀၀၀ ခန့် ကြုံတွေ့နေရသည့် ဒုက္ခများကို ကူညီဖြေရှင်းပေးနိုင် ရန် ရည်ရွယ်ကြောင်း၊ ရခိုင်ပြည်နယ်မှာဆိုရင်လည်း မိုးရာသီစတင်လာပြီ ဖြစ်သည့်အတွက် အချို့မိသားစု များသည် ယာယီတဲများဖြင့်သာ နေထိုင်နေရကြောင်း၊ ကျန်းမာရေးအတွက် ဂရုစိုက်ရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားပြီး အကူအညီများ ပေးရန် လိုအပ်နေကြောင်း ၎င်းက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်တွင် စတာလင်ပေါင် ၆ ဒသမ ၄ သန်း ထောက်ပံ့ပေးထားကြောင်း၊ လူပေါင်းရှစ်သောင်းအတွက် ရေကောင်းရေသန့်၊ ယင်လုံအိမ်သာ၊ မွေးကင်းစမှ ၅၉ လသားအထိ အာဟာရ ချို့တဲ့သည့် ကလေးများကို ကုသပေးနေကြောင်း သိရသည်။ ထို့အပြင် ကချင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် စတာလင်ပေါင် ၃ ဒသမ ၅ သန်း ကူညီထားကြောင်း၊ လက်ရှိ တွင် ကချင်ပြည်နယ်အတွက် ကုလသမဂ္ဂမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းကို ရရှိထားကြောင်း ဖွံ့ဖြိုးရေးဝန်ကြီး၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

0 comments:

Post a Comment