22.6.13

မျက်စိဝေဒနာရှင်များအတွက် အခမဲ့ သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်

မကြာခင်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ မျက်စိဝေဒနာ ခံစားနေ ရသူများကို အခမဲ့ စမ်းသပ် ကုသပေးတော့မှာဖြစ်ပါတယ်။ ယခုလာမဲ့ ဇွန်လ ၂ဝ၊ ၂၁၊ ၂၂၊ ၂၃ရက်နေ့ များမှာ မျက်စိအထူးကု သမားတော်ကြီးများ ကိုယ်တိုင် ဆေးရုံကြီးကို ကြွရောက်လာပြီး လူနာများကို စမ်းသပ် ကုသပေးမှာ ဖြစ်ပါတယ်။ သီပေါမြို့ရဲ့ သီတဂူစက္ကုဒါန ဆေးရုံတော်ကြီးမှာ လူမျိုး ဘာသာမရွေး မျက်စိ ဝေဒနာရှင်တွေကို ကုသပေးလာတာ အခုဆိုရင် ၂၄ကြိမ်မြောက် ရှိပါပြီ။ သီပေါမြို့ရဲ့ သီတဂူ စက္ခုဒါနဆေးရုံအကြောင်းကို ဒီနေရာမှာ အနည်းငယ် ဖော်ပြချင်ပါတယ်။ “သီတဂူ စက္ခုဒါနဆေးရုံတော်” ကြီးဟာ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးရဲ့ တောင်ဘက် ဘုရားပရ၀ုဏ် အတွင်း မှာ တည်ရှိပါတယ်။ ဆေးရုံတော်ကြီးကို စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ လမ်းညွှန်သြ၀ါဒများနဲ့ တည်ဆောက် အကောင်အထည်ဖေါ်ခဲ့ ပါတယ်။ သီတဂူဆရာတော်ကြီးမှ တိုင်းနှင့်ပြည်နယ်အနှံ့ မျက်စိဆေးရုံ ၂၀-ခန့် လှူဒါန်းဆောက်လုပ်ပေး ခဲ့ရာ သီပေါမြို့ သီတဂူစက္ခုဆေးရုံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

သီတဂူဆရာတော်ကြီးမှ သီပေါမြို့သူ/သားများအား မြေနေရာနှင့် အဆောက်အဦးကိုသာ တာဝန်ယူစေပြီး မျက်စိဆေးရုံအတွက် လိုအပ်သော စက်ကရိယာ၊ ဆေးနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြားလိုအပ်သည် များကို ပံ့ပိုးကူညီခဲ့ပါတယ်။၂ဝဝ၇ ဖေဖေါ်ဝါရီလ ၁၉ရက်၊ တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ဆရာတော် အရှင်ဦးဥာဏိဿရ ကိုယ်တော်တိုင်ကြွလာပြီး မြေနေရာအကွက်ချခြင်း၊ ပုံစံထုတ်ခြင်းနှင့် “ဒီပဒေါ ဟောတိ စက္ခုဒေါ” ဟူသော စက္ခုဒါနတရားတော်ကို ဟောကြားခဲ့ပါတယ်။၂၀၀၇ မတ်လ ၁၉ရက် နေ့ တွင် မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသိရီနှင့် မြို့ နယ်သံဃာ နာယက ဆရာတော်များ ဦးဆောင်ပြီး ၁၃၅ပေ ×၆၀ပေ ရှိသော ဆေးရုံတော် ကြီးကို ခွဲစိပ်ခန်း၊ ပေါင်းတင်သန့် စင် ခန်း၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ မှတ်ပုံတင်ခန်း၊ လူနာဆောင်၊ လူနာနားနေဆောင် စသဖြင့် စနစ်တကျ အကွက်ချပြီး ပန္နက်တင် မင်္ဂလာကျင်းပခဲ့ပါတယ်။

ကျပ်သိန်း ၁၃၃၃သိန်းကျော် ကုန်ကျပြီးစီးသွားတဲ့ ဆေးရုံတော်ကြီးကို ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ အဓိပတိ ဆရာတော် သီတဂူ ဆရာတော် အရှင်ဉာဏိဿရ (P.hd, D.litt) ဆေးရုံတော်ကို (၂၂-၃-၂၀၀၈) နေ့တွင် ဖွင့်လှစ်ပေးတော်မူခဲ့ပါတယ်။ ဖွင့်ပွဲကို သီတဂူ ဆရာတော်ကြီး၏ သြ၀ါဒအရ ခမ်းခမ်းနားနား ပြုလုပ်ခြင်း မဟုတ်ပဲ ပိတ်ထားသောတံခါးကို ဆရာတော်ကြီးကိုယ်တော်တိုင် တွန်းဖွင့်ပေးခြင်းဖြင့်သာ ပြုလုပ်ခဲ့ပြီး တံခါးကိုဖွင့်ပြီး သည်နဲ့ တပြိုင်နက် မျက်စိ သမားတော်ကြီးများ ဆရာဝန်ဆရာမများ စတင်၍လူနာများကို စမ်းသပ် စစ်ဆေး ခွဲစိတ် ကုသပေးခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဆရာတော်ဦးပညာသီရိက ဦးဆောင်ပြီး သီပေါမြို့သူမြို့သားများ၊ နိုင်ငံ မြို့ရွာ အသီးသီးက အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးရဲ့ မျက်စိဝေဒနာကုသရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျှက် ရှိရာ ရှမ်းပြည် တစ်ပြည်နယ်လုံးက လူနာများသာမက အခြားသော ဒေသများမှ လူနာများလည်း လာရောက် ကုသမှုခံယူကြပါတယ်။ တစ်နှစ်ကို ၄ကြိမ် ကုသပေးနေတဲ့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးဟာ မြို့ကြီးပေါ် မသွားနိုင်တဲ့ ကျေးလက်က မျက်စိ ဝေဒနာရှင်တွေ၊ ငွေကြေး မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါး သူတွေအတွက် အားကိုး အားထားရာဖြစ်ပြီး ခုချိန်မှာဆိုရင် ၂၄ကြိမ် မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်မ သီပေါမြို့ကို ရောက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ၂၃ကြိမ်မြောက် မျက်စိ ကုသပေးနေချိန်နဲ့ တိုက်ဆိုင်နေခဲ့တဲ့ အတွက် ဆေးကုသနေတဲ့ ဆေးရုံကြီးထဲကို ဆရာတော် ကျေးဇူးနဲ့ ဝင်ရောက် လေ့လာခွင့်ရခဲ့ပါတယ်။ ဝေဒနာရှင်တွေအားလုံးကို အယုတ် အလတ် အမြတ်မရွေး လူတန်းစား မခွဲခြား၊ လူမျိုး ဘာသာ မရွေးဘဲ ကုသပေးနေတာတွေကို မြင်ရတော့ ကြည်နူး ပီတိ လည်း ဖြစ်ခဲ့ရပါတယ်။ ၂၃ကြိမ်မှာတုန်းက လူနာ ၅၄၂ဦကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၄င်းတို့ထဲမှာ ခွဲစိတ်ကုသဖို့လိုအပ်သူ ၁၃၁ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ အောက်မှာတော့ ၂၃ကြိမ်တုန်း က ကုသခဲ့တဲ့မှတ်တမ်းဓာတ်ပုံများတစ်ချို့ကို ကြည့်ရှုသူများပီတိကုသိုလ် မျှဝေယူနိုင်ကြပါရန် ဖော်ပြပေး ချင်ပါတယ်။

ကုသမှု မှတ်တမ်းများကို ကြည့်ရင် သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးမှာ ဒေသအသီးသီးက လာရောက် ကုသမှုခံယူကြသူများကို ဘာသာလူမျိုးမခွဲခြားပဲ ကုသပေးနေတာကိုကြည်နူးဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၃ကြိမ်မြောက်မျက်စိကုသမှုအစီအစဉ်မှာလာရောက်ပြီး လုပ်အားဒါနကုသိုလ်ပြုပေးခဲ့ကြတဲ့ သမားတော် ကြီးများမှာ ဒေါက်တာဒေါ်ခင်အုန်းဟန် (ငြိမ်း) မျက်စိအထူးကု မန္တလေး၊ ဒေါက်တာဒေါ်ခင်အေးမူ မျက်စိ အထူးကု ပြည်သူ့ဆေးရုံ ပြင်ဦးလွင်၊ ဒေါက်တာ ဦးဇေယျကျော်သူ မျက်စိအထူးကု အမှတ် ၁- တပ်မတော်ဆေးရုံ ပြင်ဦးလွင်မြို့၊ ဒေါက်တာ ဦးကျော်ကိုကိုဇော် မျက်စိအထူးကု အမှတ် ၁- တပ်မတော်ဆေးရုံ ပြင်ဦးလွင် လာရောက် သမားတော်များဖြစ်ပါတယ်။ ဆေးရုံကြီးရဲ့ လုပ်ငန်းဆောင်တာ တာဝန် တ္တေရားများကိုလည်း သီပေါမြို့က လူငယ် မောင်မယ်လေးများနဲ့ မြို့သူမြို့သားများက စေတနာ ထက်သန်စွာ ငွေကြေး၊ လုပ်အားဒါနများဖြင့် ပါဝင် ကူညီလျှက် ရှိကြပါတယ်။

မျက်စိရောဂါ ခံစားနေရသူတိုင်းကို လူမျိုး ဘာသာမရွေးကုသပေးနေတဲ့ သီပေါမြို့သီတဂူစက္ခုဒါနဆေးရုံရဲ့ ၂၄ကြိမ်မြောက် ကုသမှု အစီအစဉ်မှာ ဇွန်လ ၂၀ရက်မှ ၂၃ရက်နေ့ထိ၎ရက်တိတိ ဖြစ်တာကြောင့် ဆေး ကုသမှုခံယူဖို့ခက်ခဲနေတဲ့ မိမိအနီးအနားက မျက်စိဝေဒနာရှင်များကို လက်ဆင့်ကမ်း အကြောင်း ကြားပေးခြင်းဖြင့်သော်လည်း၊ ဝေဒနာရှင်များ အခမဲ့ ကုသမှု ခံယူနိုင်ရန် အတွက် မိမိတတ်အားသ မျှ စေတနာသဒ္ဒါသရွေ့ လှူဒါန်းကူညီပေးကြပါရန်သော်လည်းကောင်း တိုက်တွန်း နိုးဆော်ချင်တာကြောင့် ဒီပိုစ့်ကို ရေးဖြစ်တာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ ဆေးရုံကြီးတွေ မသွားနိုင် တဲ့ တောသူ တောင်သားများ၊ ငွေကြေး မပြည့်စုံ ချို့တဲ့သူများ၊ နိုင်ငံအနှံ့က မျက်စိဝေဒနာရှင်တွေကို တစ်နှစ်ကို ၄ကြိမ် အခမဲ့ ကုသပေးနေတာ ဖြစ်တာကြောင့် အလှူရှင်များလည်း လိုအပ်လျှက် ရှိနေပါသဖြင့် စက္ခုဒါန ပါရမီများ ဖြည့်ဆည်းနိုင်ပါရန် သဒ္ဒါယိုဖိတ် ကြည်လင်စိတ်တို့ဖြင့် ပါဝင်တော်မူကြပါလို့ လည်း မေတ္တာရပ်ခံပါတယ်။

အစိမ်းရောင် လွင်ပြင်

0 comments:

Post a Comment