30.6.13

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဦးစိုးသိန်းရှင်းလင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားသည်ဆိုသည့် ကိစ္စမှာ ဒီမိုကရေစီ အလေ့အထ တစ်ခုသာဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင် သတင်းမီဒီယာများနှင့် ပြည်ထောင်စု ၀န်ကြီး များ တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသည်။ "မနက်ဖြန်ဆိုတာ ဘယ်သူမှ သေချာတာ မဟုတ်ပါဘူး။ ၀န်ကြီးတာဝန် ဆက်လက်ထမ်းဆောင်မယ် မထမ်းဆောင်ဘူး ဆိုတာက ခန့်အပ်တဲ့ သမ္မတရဲ့ သဘော ဆန္ဒရယ် ကျွန်တော်တို့က အရည်အချင်းပြည့်အောင် မထမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့လည်း အနားယူရနိုင်တယ်။ ဒါ့အပြင် သူကမလုပ်ချင်ဘူးဆိုလည်း အနားယူလို့ ရတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ အဆန်းတကြယ် ဖြစ်နေပေမယ့် ဒီမိုကရေစီ အစိုးရတွေမှာ ၀န်ကြီးပြောင်းလဲတယ်ဆိုတာ အဆန်းတကြယ် မဟုတ်ပါဘူး" ဟု ဦးစိုးသိန်းက ပြောကြားသည်။

ထို့အပြင် ဦးစိုးသိန်းက မိမိတို့နိုင်ငံတွင် ၀န်ကြီးပြောင်းလဲသွားလျှင် အတွေးတစ်မျိုး ဖြစ်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း၊ တိုးတက်ရန်အတွက် ၀န်ကြီးများပြောင်းလဲ နေရာပေးရခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံ၊ အစ္စရေး နိုင်ငံများနှင့် နှိုင်းယှဉ်ကာ သုံးသပ်ပြောဆိုသည်။ "သြစတြေးလျနိုင်ငံကို ကြည့်ပေါ့။ ဟိုတစ်လောက ဂျူလီယာဂီးလက် ၀န်ကြီးချုပ် ဖြစ်တယ်။ အခု သူ့ပါတီကပဲ ကီဗင်ရုဒ် တက် လာပြီးတော့ ၀န်ကြီးချုပ် ဖြစ်တယ်။ ဒီလိုပဲ အစ္စရေးမှာလည်း နေတန်ယာဟုက တစ်ခါတလေ ၀န်ကြီးချုပ် လုပ်တယ်။ တစ်ခါတလေ အတိုက်အခံ လုပ်တယ်။ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူထိုင်ချင်တဲ့နေရာမှာ ထိုင်တတ်တယ်။ အဲဒီ အလေ့အကျင့်က မြန်မာနိုင်ငံမှာ နောက်ဖြစ်သွားမှာပါ" ဟု ဦးစိုးသိန်းက ပြောကြား သည်။

EMG

0 comments:

Post a Comment