5.7.13

ပုံနှိပ်ထုတ်ဝေဥပဒေကို စာနယ်ဇင်းသမားတွေ မကျေနပ်



   ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို သတင်းနဲ့ စာနယ်ဇင်းသမားတွေ သိပ်ဘဝင်မကျ ဖြစ်နေကြပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန က တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို သီးခြားထုတ်စရာမလိုဘဲ အခုလွှတ်တော်ကိုတင်သွင်းထားတဲ့ မီဒီယာဥပဒေတစ်ခု တည်းကိုပဲ အတည်ပြု သုံးစွဲမယ်ဆိုရင်တော့ လုံလောက်တယ်လို့ စာနယ်ဇင်းသမားများကပြော .နေကြတာပါ။ စာနယ်ဇင်းကောင်စီ မီဒီယာဥပဒေရေးဆွဲရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက အခု ဥပဒေဟာ စာပေလောကကို ထိန်းချုပ်ချင်လို့ရေးဆွဲတဲ့ဥပဒေလို့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ တိုင်းပြည်အတွက် မရေးသင့်တဲ့အချက်တွေကို ကန့်သတ်ချင်တဲ့အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်တာ ဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
   ဒီဥပဒေက တားမြစ်တဲ့ အချက်လေးချက်က တိုင်းရင်းသားလူမျိုးနဲ့ ဘာသာ မတူသူတွေရဲ့ ကြားမှာ အကျိုးစီးပွားထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ၊ တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်စီး စေနိုင်တာတွေ၊ဆူပူမှု၊ရာဇဝတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော် တာတွေ၊ ညစ်ညမ်း စာတွေကို ရေးသားခွင့် ကန့်သတ်တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အ မတ် ဦးရဲထွန်းက ပြောပါတယ်။ မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ်ဝေတဲ့ လုပ်ငန်းကို လုပ်ဆောင်မယ်၊ တားမြစ်တဲ့ လေးချက်ကို မလိုက်နာဘူးဆိုရင် ဒါဏ်ငွေ ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ချမှတ် ခံရ နိုင်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် အခုဥပဒေ အရမိတ္တူကူးစက်ဆိုင်နဲ့ အသေးစား လုပ်ငန်းငယ်တွေ အခက်တွေ့သွားနိုင်တယ်လို့ လွှတ်တော်အမတ်တချို့က ဝေဖန် ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးသွားလို့ အမျိုးသားလွှတ်တော် မှာ ပြင်ဆင်ဖြည့်စွက်တာမရှိရင် အတည်ဖြစ်သွားမှာဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment