12.7.13

လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ လူအင်အားတောင်းခံမှုများရှိနေ

ကျောက်မဲမြို့နယ်၊ ကျေးရွာအချို့တွင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ လူအင်အား တောင်းခံမှုများ ရှိနေ သည့်အပြင် လူအင်အား မပေးနိုင်သည့် ကျေးရွာများ တွင် ငွေကြေးစုပေါင်းပေးဆောင်ရမှုများ ရှိနေကြော င်း ဒေသခံများထံမှ သိရှိရသည်။

“အဓိကသူတို့က လူတောင်းတာပါ။ ကျေးရွာအုပ်စု အခြေအနေပေါ်မူတည်ပြီးတော့ တောင်းတာပါ။ မပေးနိုင်ရင်တော့ ရွာကလူတွေငွေစုပြီး လူရအောင်ရှာပြီး ထည့်ပေးရပါတယ်။ အခုလည်း လုပ်ပါရွာကအယောက် (၂၀)နဲ့ ထန်းတပင်ရွာက (၁၀)ယောက် ပေးလိုက်ရပါပြီ။ တောင်းတဲ့ အဖွဲ့ကတော့ ရှမ်းအဖွဲ့အစည်း တစ်ခုကဖြစ်ပါတယ်”ဟု အဆိုပါဒေသတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလက်နက်ကိုင် အဖွဲ့မှ လူအင်အား တောင်းခံလျှင် ရှမ်းလူမျိုးများကို အဓိကထား တောင်းခံကြောင်း၊ တောင်းခံသည့်ဦးရေ အတိအကျ ပေးရကြောင်း၊ လူမျိုးခြားများကိုမူ အတင်းအဓမ္မတောင်းခံခြင်း မရှိကြောင်း ဒေသခံများက ပြောကြသည်။

“ဒီဘက် လမ်းဘေးနားက ရွာတွေကိုတော့ အတင်းလုပ်တာ မရှိဘူး။ ခေါ်သွားခံရတဲ့ လူရဲ့ မိသားစုကိုတော့ ကျနော်တို့တွေစုပြီး ငွေပေးရပါမယ်။ မိသားစု တစ်စုအတွက် ရွာသားတွေစုပြီး (၅)သိန်းပေးရမယ်လို့ သတ်မှတ်ထားပါတယ်”ဟု ငွေပေးရမည့် ပင်တိန်အုပ်စု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က တောင်ထိပ်ကျေးရွာ အတွင်းရှိ ရွာများတွင်သာ ငွေကြေးတောင်းခံမှု လူအင်အားစုဆောင်းမှု ပြုလုပ်လေ့ ရှိသော်လည်းယခုအခါတွင် နောင်ပိန်တိုက်နယ် ကျေးရွာအထိ ငွေကြေးတောင်းခံမှုများရှိလာကြောင်း၊ ထိုသို့ပေးဆောင်ရမှုတွင် ထော်လာဂျီစက် အကြီးတစ်စီးလျှင် ခုနှစ်သောင်းကျပ်၊ (၆)ဘီးယာဉ်တစ်စီးလျှင် (၅)သိန်းကျပ်နှင့် (၁၂)ဘီးယာဉ်တစ်စီးလျှင် (၁၀)သိန်းကျပ်စီ ပေးဆောင် ထားရပြီးဖြစ်ကြောင်း၊ ကျေးရွာအတွင်းရှိ ဈေးဆိုင်များကို ဆိုင်အနေအထားကြည့်၍ ကောက်ခံလေ့ ရှိကြောင်းသတင်း ရရှိသည်။ ထိုသို့ကောက်ခံမှုမှာ အပြီးကောက်ခံခြင်း (သို့)တစ်နှစ်စာ ကောက်ခံခြင်းဟူ၍ မသိရှိရသေးကြောင်း ဒေသခံများက ပြောကြသည်။

(၂၀၁၂)ခုနှစ်၊ ဇူလိုင်လခန့်ကလည်း သစ်မှောင်ခို ပြုလုပ်သူများထံမှ ငွေကြေး တောင်းခံရာတွင် အဆင်မပြေသဖြင့် သစ်တင်ထော်လာဂျီ (၃)စီးအား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်းနှင့် နွားမှောင်ခိုများထံမှလည်း အဖွဲ့တစ်ဖွဲ့လျှင် (၅)သိန်းကျပ်စီ တောင်းခံခဲ့ကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

ထို့သို့ ခေါ်ဆောင်သွားသော လူများအား သင်တန်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းပေးပြီးပါက ပြန်လည် လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

စိုင်းကံသာ (လားရှိုး)

မြန်မာ့ခေတ်

0 comments:

Post a Comment