12.7.13

တိရစ္ဆာန်မှ လူသို့ကူးစက်ပြီး သေဆုံးမှုမြင့်သည့် ရောဂါများ အနက် ခွေးရူးပြန် ရောဂါသည် အပါအ၀င် ဖြစ်နေပြီး ခွေးရူးရောဂါ ဖြစ်ပါ က သေဆုံးနိုင်ခြေ ရာခိုင်နှုန်း ၉၀ အထက်တွင်ရှိ

တိရစ္ဆာန်များမှ တစ်ဆင့် လူသို့ကူးစက်ပြီး လူသေ ဆုံးမှု မြင့်မား သည့် ရောဂါများ တွင် ခွေးရူးပြ န်ရောဂါ ပါဝင်ကြောင်း ၂၀၁၂ ခုနှစ် အတွင်း က အာဖရိက နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရစ္ဆာန်များ သုတေသနဗဟို (ILRI) မှ ထုတ်ပြန်ခဲ့ သည့် သုတေသန စာတမ်းအရ သိရသည်။


အဆိုပါ သုတေသန စာတမ်းကို ပြုလုပ်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်မှစ၍ သုတေသန ဓာတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သုတေသန ရလဒ်များကို ၂၀၁၂ တွင်မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသုတေသန စာတမ်းအရ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးခဲ့ရသည့် ရောဂါများမှာ ခွေးရူးပြန်ရောဂါ၊ ကျွဲ နွား၊ ကြွက်၊ ခွေးများ၏ ဆီးမှတစ်ဆင့် လူသို့ကူးစက်ပြီး လူတွင် ကျောက်ကပ်နှင့် ဆိုင်သည့် ရောဂါကို ဖြစ်ပွားစေသည့် လက်တိုစပိုင်ယာ ရောဂါ၊ အဆုတ်ရောင် တီဘီရောဂါ၊ ၀က်သံပြားရောဂါနှင့် သားလျောရောဂါတို့ကြောင့် သေဆုံးမှုမှာ အမြင့်ဆုံး ဖြစ်နေကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ရာတွင် ကြောင်၊ ခွေး၊ မြေခွေး၊ လင်းနို့တို့မှ တစ်ဆင့် လူသို့ကူးစက်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးမှတစ်ဆင့် ကူးစက်မှု ပိုမိုများပြားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးခန့် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးလျက်ရှိပြီး တစ်နှစ်လျှင် လူပေါင်း ၅၅၀၀၀ ခန့် အသက်ဆုံးရှုံး နေရကြောင်း သိရသည်။
''ခွေးရူးပြန်ရောဂါက လူမှာ ဖြစ်ရင် သေဆုံးနိုင်မှုက ၉၉ ရာခိုင်နှုန်းလောက်ထိ ရှိတဲ့အတွက် ၂၀၁၀ ခုနှစ်ကစပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကမ္ဘာ့တိရစ္ဆာန် အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းပြီးတော့ အဖြစ်အများဆုံးဖြစ်တဲ့ ခွေးရူးပြန်ရောဂါ၊ တုပ်ကွေးရောဂါနှင့် ဆေးယဉ်ပါးမှုကြောင့် ဖြစ်သည့် ရောဂါများအား အဓိကထား ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်'' ဟု မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးကုဆရာဝန်များ အသင်းမှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင်တင်မြိုင်က ပြောပြခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ ယခင်ကထက် ပိုမိုများပြား လာခြင်းနှင့်အတူ နှစ်စဉ် ခွေးကိုက်ခံရသူများ များပြားလာကြောင်းနှင့် ခွေးရူးပြန်ရောဂါ ဖြစ်သူများလည်း ပိုမိုမြင့်တက် လာခြင်းများကြောင့် ယခုနှစ်ကုန်ပိုင်းမှ စတင်ကာ ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ခွေးကိုက်ခံရသူများအား အာနိသင် ပိုမိုကောင်းမွန်သည့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
''ခွေးရူးပြန်ရောဂါ ဖြစ်မယ်ဆိုရင် သေတဲ့နှုန်းကလည်း အင်မတန် မြင့်ပါတယ်၊ ခွေးရူးရောဂါ ဖြစ်ပွားရင် သေဆုံးနိုင်ခြေက ရာခိုင်နှုန်း ၉၀ အထက်မှာ ရှိပါတယ်'' ဟု ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသာထွန်းကျော်က ပြောပြခဲ့သည်။

EMG
ဗဟန်းမြို့နယ်ရှိ ဈေးတစ်ခုတွင် ခွေးများက ကလေးငယ်များနှင့် နီးကပ်စွာ ရှိနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)

0 comments:

Post a Comment