12.7.13

ကသည်း သူပုန်များက အိန္ဒိယ ကုန်သည်များအား ဆက်ကြေး တောင်းခံ မှုကြောင့် ပိတ်ထားခဲ့ရသော နန်းဖာလုံဈေး ပြန်လည် ဖွင့်လှစ်

လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားခဲ့ရသော နန်းဖာလုံဈေးကို ဇူလိုင် ၁၁ ရက်က လုံခြုံရေး အစီအမံများ တိုးမြှင့်၍ ပြန်လည်ဖွင့်လှစ်ပြီဟု တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင် က ပြောကြား သည်။ ''လုံခြုံရေး အဖွဲ့တွေနဲ့ စီမံထားမှုအရ လုံခြုံရေး အစီအမံကို တိုးမြှင့်ပြီးတော့ ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာပေါ့။
စီစဉ်ထားခဲ့ တာကလည်း သုံးနှစ်၊ လေးနှစ် ရှိသွားပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာ ဈေးသူဈေးသား တွေကိုလည်း အားလုံးတွေ့ဆုံ မရှင်းခဲ့ရဘူး။ သို့သော်လည်းပဲ နီးစပ်ရာ နီးစပ်ရာ လေးတွေကိုတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ ပြောထားပါတယ်။ လုံခြုံရေး အစီအမံ တိုးမြင့်တယ် ဆိုတာကလည်း ဒေသအုပ်ချုပ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။ နန်းဖာလုံဈေးမှာက ရဲရယ်၊ တပ်ရယ် ရှိပေမယ့် ကသည်းသူပုန်ဆိုတာ ဘယ်သူဆိုတာ မသိဘူး။ ဒါကြောင့် ကသည်း သူပုန်ဆိုတာ ဘယ်သူဆိုတာသိတဲ့၊ ဈေးသူ ဈေးသားတွေနဲ့ ရပ်ကွက်သူ ရပ်ကွက်သား တွေကိုပါဝင်တဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းအကြံပြု ထားပါတယ်'' ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ပြောကြားသည်။ တမူးမြို့နယ် အတွင်းနှင့် နန်းဖာလုံဈေးအတွင်း ဖြစ်ပေါ်ခဲ့သော လုံခြုံရေး အခြေအနေများကြောင့် ဆန္ဒထုတ်ဖော်ရန် အတွက် ခွင့်ပြုမိန့်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

''အခုအချိန် အထိတော့ အာဏာပိုင် အဖွဲ့အစည်းကနေပြီး ဈေးသူဈေးသားတွေကို လုံခြုံရေး အာမခံချက် ပေးတယ်လို့ ပြောတာတို့တော့ မရှိဘူး။ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ဖို့အတွက် နန်းဖာလုံ ဈေးသူဈေးသားတွေရဲ့ လက်မှတ်တွေကို ကောက်ခံနေပါတယ်'' ဟု နန်းဖာလုံဈေးမှ ကိုအောင်ဇော်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အတွင်းရှိ နန်းဖာလုံဈေးသည် အိန္ဒိယ-မြန်မာ နယ်စပ်တွင်ရှိပြီး လုံခြုံရေး ပြဿနာများ ဖြစ်ပေါ်ခဲ့မှုကြောင့် ဈေးပိတ်ခဲ့ရသည်။ ''နန်းဖာလုံဈေးကို ဒီကနေ့ စတင်ဖွင့်လှစ်ပါပြီ။ ဒေသအုပ်ချုပ်ရေး အဖွဲ့ကတော့ ဈေးကို ပုံမှန်သာဖွင့်ပါ။ သူတို့ဈေးထဲ မလာရစေပါဘူး။ လုံခြုံရေး အာမခံချက်လည်း ပေးထားပါတယ်။ အခုလည်း ရဲလေးငါးယောက် လောက်တော့ ဈေးထဲပတ်နေတာ တွေ့တယ်ဗျ'' ဟု ဈေးကော်မတီ တစ်ဦးက ပြောကြားသည်။

နန်းဖာလုံဈေးသည် ဈေးဖွင့်ပြီဆိုသော်လည်း ဈေးဝယ်များ မရှိသောကြောင့် ဈေးဆိုင်အများစုမှာ မွန်းလွဲချိန်မှ စတင်၍ ပိတ်နေကြပြီဟု သိရသည်။ ''ခုတော့ ဆိုင်တွေ ပိတ်နေကြပြီ။ ဈေးဝယ်တွေက မလာဘူး။ အင်ဖာ-မိုးရေး ကားလမ်းကတော့ ပွင့်ပြီ။ ကားတွေ သွားရပြီ။ ဒါပေမဲ့ ပစ္စည်းသယ်ခွင့် မပြုသေးဘူး။ ဒါကြောင့် ဈေးဝယ် မလာဘူး'' ဟု နန်းဖာလုံ ဈေးသူတစ်ဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment