3.7.13

သံတွဲ၌ အမျိုးသားတစ်ဦး ကိုယ့်အိမ်ကိုယ် မီးရှို့

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဇူလိုင် လ ၁ ရက်နေ့ ည ၉ နာရီကျော်က သံတွဲမြို့ အံတော်ကွက်သစ် (ခ) ရပ်ကွက် ၄ လမ်းရှိ အစ္စလာမ် ဘာသာဝင် အမျိုးသား တစ်ဦးသည် ၎င်းပိုင်ဆိုင်သည့် နေအိမ်ကို ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

နေအိမ်ကို မီးမရှို့မီ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက နေအိမ်မှ ပစ္စည်းများ ကို အခြား နေရာသို့ ပြောင်းရွှေ့ထားပြီး ညပိုင်းတွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သံတွဲတွင် မီးရှို့မှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဆူပူအကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် သေနတ်ပစ် ဖောက် ဟန့်တားခဲ့ကြောင်း သံတွဲမြို့ရှိ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အမှုဆောင် ဦးမြင့်မိုး က ပြောကြားသည်။

“မီးရှို့မှုဖြစ်တဲ့ အိမ်နဲ့ ကျွန်တော်တို့ အိမ်နီးနီးလေးပါ။ သေနတ်ပစ်သံ အကျယ်ကြီးပဲ ကြားရတယ်” ဟု သံတွဲ မြို့ခံ တစ်ဦးလည်းဖြစ်သူ ဦးမြင့်မိုးက ဆိုသည်။

ဆူပူအကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေး တပ်ဖွဲ့ဝင်များ က သေနတ်ပစ်ခဲ့သည်မှာ မဟုတ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ပြောဆိုသော်လည်း ဒေသခံများကို ဆက်သွယ်မေးမြန်းရာ သေနတ် ပစ်ဖောက်ခဲ့သည်ဟု ပြောဆိုကြသည်။

တောင်ကုတ်မြို့သူ တစ်ဦး သံတွဲမြို့တွင် မုဒိမ်းကျင့်ခံရမှုဖြစ်ပွားပြီး ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် သံတွဲမြို့ မြို့ပေါ်ရပ်ကွက်များမှ အစ္စလာမ်ဘာသာဝင် မိသားစု ငါးစုခန့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသည် ကို တွေ့ရှိရကြောင်း၊ အပြီးသတ် ပြောင်းရွှေ့ မရွှေ့ကိုကား သေသေချာချာ မသိရှိကြောင်း သံတွဲမြို့ ဒေသခံများထံ မေးမြန်းချက်များအရ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့က မီးရှို့မှုတစ်ကြိမ် ထပ်မံ ဖြစ်ပွားပြီးနောက် ပဋိပက္ခများ တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။ သံတွဲမြို့တွင် ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်သည်။
Ref: The Voice Weekly

0 comments:

Post a Comment