31.8.13

မြန်မာနှင့်ထိုင်း လက်ရွေးစင်ဟောင်းတို့ ခြေစမ်းကစား

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့်မြန်မာ လက်ရွေးစင်ဟောင်း အသင်းနှင့် ထိုင်း လက်ရွေးစင်ဟောင်း အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း ၌ယှဉ်ပြိုင် ကစားရာ ထိုင်းလက်ရွေးစင်ဟောင်း အသင်းက ၃ဂိုး-၁ဂိုးဖြင့် အနိုင် ရရှိသွားသည်။


၁၉၉၃ ဆီးဂိမ်း ချန်ပီယံအသင်းမှ ကစားသမားအချို့ကို အခြေခံလာသည့် ထိုင်းလက်ရွေးစင်ဟောင်း အသင်း မှာအိမ်ရှင်မြန်မာ လက်ရွေးစင်ဟောင်း အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။ မြန်မာလက်ရွေး စင် ဟောင်းအသင်းတွင် နာမည်ကြီး ကစားသမား အများစု ပါဝင်လာပြီး ကြည်လွင်၊ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ အောင်ကျော်ကျော် တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာလက်ရွေးစင် အသင်းမှာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ ဝင်းအောင် တိုက်စစ်အတွဲဖြင့် တိုက်စစ်ကို ပုံဖော်ခဲ့သည်။ မျိုးလှိုင်ဝင်းကတော့ ကစားနိုင်ဆဲ ဖြစ်ပြီး ငယ်စဉ်ကလိုပင် အလိမ်၊ အခေါက်များဖြင့် ကစားခဲ့သည်။ အဝေး ကန်ချက်များဖြင့် ဂိုးရရန် ကြိုးပမ်းခဲ့ပြီး တိုင်တစ်ကြိမ်ထိ ထွက်သွား၍ နစ်နာခဲ့ရသည်။ ပထမပိုင်းတွင် ထိုင်းအသင်းက ခြေသာ ခဲ့ပြီး ၃၅ မိနစ်တွင် ဆူချင်က ဖရီးကစ် မှတစ်ဆင့် အဖွင့်ဂိုး သွင်းယူ ခဲ့သည်။ ထိုင်းအသင်းအတွက် ဒုတိယဂိုးကို ၄၁ မိနစ်တွင် ဆာရာဝပ်က သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းက ကြည်လွင်၊ သန်းတိုးအောင်၊ ဝင်းအောင်တို့ကို အနားပေးခဲ့ရာ ရှေ့တန်း၌ မျိုးလှိုင်ဝင်းနှင့် တွဲကစားမည့်သူမရှိ ဖြစ်သွားသည်။ ၇၃ မိနစ်တွင် မြန်မာအသင်းမှ ပယ်နယ်တီ ကန်ခွင့် ရရှိခဲ့သော်လည်း တင်မြင့်အောင် ကန်သွင်းရာ ဘေးထွက်ခဲ့သည်။ ထိုင်းအသင်းအတွက် တတိယဂိုးကို ၈၆ မိနစ်တွင် အာဒီဆက်က သွင်းယူခဲ့ပြီး မြန်မာအသင်း အတွက် ချေပဂိုး တစ်ဂိုးကို ၈၇ မိနစ်တွင် မောင်မောင်ဌေးက ပြန်သွင်း ပေးခဲ့သည်။

မြ၀တီ

0 comments:

Post a Comment