22.8.13

နှစ်စဉ်တောင်ပြုန်း ပွဲတော်တွင် ကျပ်သိန်းပေါင်း ထောင်ချီ လည်ပတ်မှု ရှိသော်လည်း ပွဲတော် အတွင်းအပြင် လမ်းများမှာ ပျက်စီးနေဆဲ

နှစ်စဉ် တောင်ပြုန်းပွဲတော် ကာလအတွင်း ကျပ်သိန်းထောင်ချီ ငွေပမာဏ လည်ပတ်မှု ရှိခဲ့သော်လည်း ပွဲတော် အတွင်းအပြင် လမ်းများနှင့် မီးရထား ဘူတာတစ်ဝိုက် လမ်းများမှာ ဆိုးရွားစွာ ပျက်စီးနေဆဲ ဖြစ်ကြောင်း သိရသည်။


ယခုနှစ် တောင်ပြုန်းပွဲတော်သို့ လာရောက်သူ တစ်ဦးသည် အနည်းဆုံး ငွေကျပ်တစ်သောင်းဖိုး အသုံးပြုလျက် ရှိကြောင်း ပွဲတော်အတွင်းမှ မေးမြန်းကောက်ယူ ချက်များအရ သိရပြီး ပွဲတော်အတွင်းတွင် လာရောက်သူ ဦးရေသည် သိန်းဂဏန်းဝန်းကျင် ရှိသောကြောင့် ငွေလည်ပတ်မှု ပမာဏမှာ ကျပ်သိန်းထောင်ချီခန့် ရှိနေသည်။

ထိုသို့ ငွေပမာဏ များပြားစွာ နှစ်စဉ် လည်ပတ်နေသော တောင်ပြုန်း ပွဲတော်တွင် ဘုရားဝင်း အတွင်းအပြင် လမ်းများမှာမူ ဆိုးရွားနေဆဲဖြစ်ပြီး မီးရထား ဘူတာ တစ်ဝိုက်တွင်လည်း လမ်းများမကောင်းခြင်း၊ ဘူတာ စင်္ကြံပလက်ဖောင်း မရသည်ကို မြင်တွေ့ရသည်။

''အန်တီတို့က ဘူတာဘက်မှာ ဆိုင်ခန်းခပေးပြီး ရောင်းတာပါ။ တစ်ခန်းကို တစ်သိန်းခွဲ ပေးရတယ်။ ဆိုင်ခန်းခတွေက ဈေးကြီးပေမယ့် ဒီဘူတာတစ်ဝိုက် လမ်းတွေကတော့ နှစ်စဉ်ဒီတိုင်းပါပဲ။ မကောင်းပါဘူး။ လေလံ စနစ်နဲ့လို့တော့ ပြောတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အန်တီတို့ကတော့ လမ်းတွေကို ကောင်းမွန် စေချင်တယ်။ ဘူတာ ပလက်ဖောင်းလေးလည်း ရှိစေချင်တယ်'' ဟု ပွဲတော်ပြန် အမှတ်တရ ဗန္ဓုလဦးထုပ် ပြုလုပ်ရောင်းချသူ ဒေါ်အေးမြင့်က ဆိုသည်။

ထိုသို့ လမ်းများဆိုးရွားစွာ ပျက်စီးနေမှုများကြောင့် ပွဲတော်လာ ပြည်သူများမှာ သွားလာရေး အဆင်မပြေမှုများ ရှိခဲ့ပြီး လာမည့်နှစ်တွင် လမ်းများကောင်းမွန်နိုင်ရန် ပွဲတော်လာ သူများမှ လိုလားလျက် ရှိနေသည်။

''အန်တီတို့က ဒီမန္တလေးမြို့ပေါ်က ပါပဲ။ နှစ်တိုင်းလာပါတယ်။ လာတိုင်းလည်း လမ်းတွေက မကောင်းဘူး။ မိုးရွာလိုက်ပြီဆိုရင် ပိုဆိုးတယ်။ ဗွက်တွေကိုထလို့။ တစ်နှစ်လာ ကောင်းနိုးနိုးနဲ့ အခုထိတော့ ဒီလိုပဲ'' ဟု တောင်ပြုန်းပွဲတော်သို့ လာရောက်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

ဈေးဆိုင်ခန်းများ ငှားရမ်းဖွင့်လှစ် ရောင်းချရာတွင် ဘုရားနှင့် မင်းနှစ်ပါးနတ်နန်း အနီးဝန်းကျင်ရှိ ဆိုင်ခန်းများသည် တောင်ပြုန်းနန်းထိန်း မိသားစုနှင့် ဂေါပကအဖွဲ့တို့၏ အစီအစဉ်ဖြင့်သာ ရောင်းချလေ့ရှိပြီး မီးရထားဘူတာ တစ်ဝိုက်အပိုင်းမှာ မြန်မာ့မီးရထား (မန္တလေး)မှ စီစဉ်ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

''ဟုတ်တယ်။ မီးရထား ဘူတာဘက်က မီးရထားနဲ့ပဲဆိုင်တယ်။ လေလံစနစ်နဲ့ ဆိုပေမယ့် အဲဒါတွေကို တိုင်း(၃)ကပဲ ဆောင်ရွက်ပါတယ်။ ဘူတာတစ်ဝိုက်က အဆင့်မြင့်မယ်၊ မမြင့်ဘူး ဆိုတာကတော့ မီးရထားမြို့ပြ အင်ဂျင်နီယာ ဌာနနဲ့ပဲ ဆိုင်ပါတယ်။ ဘတ်ဂျက် ရှိရင်တော့ သူတို့လုပ်မှာပါ'' ဟု မန္တလေး မီးရထား ပို့ဆောင်ရေး အုပ်ကြီးဖြစ်သူ ဦးဇော်လင်းက ပြောကြားသည်။

တောင်ပြုန်းပွဲတော်တွင် ပွဲတော်အတွင်း ဈေးရောင်းချခွင့်နှင့် ဇာတ်ပွဲများ ကပြဖျော်ဖြေခွင့်ကို တောင်ပြုန်းနန်းထိန်း မိသားစုနှင့် ဂေါပကအဖွဲ့မှ စီမံပြီး လေလံစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ ဧရိယာပမာဏ သေးငယ်သော မီးရထားဘက် ခြမ်းကိုမူ မီးရထားမှ စီမံခြင်းဖြစ်သည်။

ယခုနှစ် မီးရထားဘက်ခြမ်း ဈေးရောင်းချခွင့်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် လေလံခေါ်ခဲ့ရာ ကျပ်သိန်းတစ်ရာ့ တစ်သောင်းဖြင့် ကန်ထရိုက်တစ်ခုမှ လေလံအောင်မြင်ခဲ့ကြောင်း ဦးဇော်လင်းက ဆိုသည်။

Eleven Media Group

တောင်ပြုန်းပွဲတော်သို့ သွားရောက်သည့် အ၀င်လမ်း မိုးရေကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်

0 comments:

Post a Comment