27.8.13

တိုက်ခိုက် ခံခဲ့ရသည့် ကြားမှ ဓာတုလက်နက် အသုံးပြုမှုနှင့် ပတ်သက်သော သက်သေ အထောက်အထား အချို့ ကုလ စုံစမ်းစစ်ဆေးရေး အဖွဲ့ရရှိ

ဆီးရီးယားနိုင်ငံ အတွင်းရှိ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် အမည်မသိ သေနတ်သမား များ၏ ချောင်းမြောင်း ပစ်ခတ်မှုကို သြဂုတ် ၂၆ ရက်က ခံခဲ့ ရသော်လည်း ဆီးရီးယား ပြည်တွင်းစစ် အတွင်း ဓာတုလက်နက် အသုံး ပြုခဲ့သည်ဟု ယူဆရသည့် ဒမတ်စကပ် မြို့အနီးရှိ နေရာ တစ်နေရာမှ တန်ဖိုး
မဖြတ်နိုင်သည့် သက်သေ အထောက်အထား အချို့ကို စုစည်းနိုင်ခဲ့ ကြသည်ဟု သြဂုတ် ၂၆ ရက်တွင် ကုလသမဂ္ဂ အရာရှိ များက ပြောကြားသည်။

ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်း စစ်ဆေးရေး ယာဉ်တန်းသည် အလွန် အန္တရာယ် ကြီးသည့် အခြေအနေ များနှင့် ကြုံတွေ့ခဲ့ရ သော်လည်း အန္တရာယ်များ ကြားမှ ဒမတ်စကပ် မြို့အနီး မိုအာဒါမီယက် အယ်လ်ရှာအမ် ခရိုင် အတွင်းရှိ ဆေးရုံ နှစ်ရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံတွင်းရှိ စစ်ဒဏ်သင့် မျက်မြင် သက်သေများ၊ အသက်ရှင် ကျန်ရစ်သူ များနှင့် ဆရာဝန် များအား မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး သက်သေ အထောက်အထား အချို့ကို စုစည်းနိုင်ခဲ့ ကြသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား သည်။

ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းတိုက်ခိုက် ခံခဲ့ရသည့် နေရာမှာ ဆီးရီးယား အစိုးရနှင့် အတိုက်အခံ အဖွဲ့များ တည်ရှိရာ ဒေသများ ကြားရှိ စစ်မဲ့ဇုန် ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးရေး အဖွဲ့ တိုက်ခိုက် ခံရခြင်းနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့က ဆီးရီးယား အစိုးရနှင့် အတိုက်အခံ တပ်ဖွဲ့များထံ အကြောင်း ကြားထားပြီး စစ်ဆေးရေး အဖွဲ့၏ လုံခြုံရေး ကိုလည်း အာမခံပေးရန် တောင်းဆို ထားသည်ဟု ဘန်ကီမွန်းက ပြောကြားသည်။

စုံစမ်း စစ်ဆေးရေး အဖွဲ့၏ ယာဉ်တန်းတိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ ဆီးရီးယား အစိုးရ အဖွဲ့နှင့် အတိုက်အခံ တပ်ဖွဲ့များသည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲလျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment