2.9.13

မြန်မာ့ကုန်သွယ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကုန်သွယ်နေသည့် ပင်လယ်ရေကြောင်းမှ ယခုဘဏ္ဍာရေးနှစ် လေးလအတွင်း တရားဝင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနေ

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ အား ကုန်သွယ်မှု ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ယခုဘဏ္ဍာနှစ် လေးလအတွင်း တရားဝင်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာတစ်ဘီလျံနီးပါးအထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။


ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ ပင်လယ်ရေကြောင်းမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် (ဒေါ်လာ ၂၁၄၃ ဒသမ ၃၆ သန်း)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် (ဒေါ်လာ ၃၁၁၆ ဒသမ ၆၇ သန်း)ဖြင့် ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် (ဒေါ်လာ ၅၂၆၀ ဒသမ ၀၃)ပြုလုပ်ထားသည့်အနက် သွင်းကုန်မှာ ပို့ကုန်ထက် အမေရိကန်ဒေါ်လာ ၁ ဘီလျံနီးပါး ပိုမိုပြုလုပ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သိသာစွာ မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိ ပြုလုပ်နိုင်ခဲ့သော်လည်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၇၀ နီးပါးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကုန်သွယ်မှုလိုငွေ ပြရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု တစ်ခုတည်းမှဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာမူ တစ်ဖက်နိုင်ငံများသို့ ပို့ကုန်တင်ပို့မှု ပိုမိုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

တရားဝင် ကုန်သွယ်မှု တန်ဖိုးများအရ ကုန်သွယ်မှုလိုငွေ ပြနေသော်လည်း မြန်မာနိုင်ငံမှ ထုတ်ပြန်သည့် ကုန်သွယ်မှုပမာဏနှင့် တစ်ဖက်နိုင်ငံမှ ထုတ်ပြန်သည့် ကုန်သွယ်မှုပမာဏမှာ ကွာဟချက်များ ရှိနေပြီး မှောင်ခိုကုန်သွယ်မှုများ ရှိနေဆဲ ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် နယ်စပ်တစ်လျှောက် တရားဝင်ကုန်သွယ်မှု ပမာဏများ မြင့်တက်လာစေရန်အတွက် မှောင်ခိုကုန်သွယ်မှုများအား ၂၀၁၂၊ နိုဝင်ဘာလမှစ၍ Mobile Team အဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ဖမ်းဆီးရမိသည့် ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ်၊ ဇွန်လကုန်အထိ စာရင်းများအရ ကျပ်သန်းပေါင်း ၅၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

ယခုအခါ ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများအား တားဆီးထိန်းချုပ်နိုင်ရန်အတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို သြဂုတ် ၁၂ ရက်မှစ၍ ပညာပေးကာလအဖြစ် စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ မှောင်ခိုတင်သွင်းသူ လုပ်ငန်းရှင်များအား စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်ပါက တရားဝင်ကုန်သွယ်မှု ပမာဏများ မြင့်တက်ကာ နိုင်ငံတော်အနေဖြင့် အခွန်ငွေ ပိုမိုရရှိနိုင်မည် ဖြစ်သည်။

ယခင် အစိုးရလက်ထက် တစ်လျှောက်တွင် မြန်မာနိုင်ငံသည် ကုန်သွယ်မှုလိုငွေ အစဉ်အဆက် များပြားခဲ့ပြီး သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက်ရတနာ ရောင်းချမှုမှ ပို့ကုန်ဝင်ငွေ အများအပြား ရရှိခဲ့ခြင်းကြောင့် ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှစ၍ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ သန်းထောင်ချီ၍ ရှိခဲ့သည်။

အဆိုပါက ဒေါ်လာသန်းထောင်ချီသည့် ကုန်သွယ်မှုပိုငွေမှာ ယခုအစိုးရသစ် မတက်ခင် ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်အထိ ဖြစ်ပေါ်ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၀၀ ကျော်သာ ရှိခဲ့ပြီး နောက်ပိုင်းဘဏ္ဍာနှစ်များတွင် ကုန်သွယ်မှု ပိုငွေပြလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏအား အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး လေးလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံကျော် ရရှိထားကြောင်း သိရသည်။

Eleven Media Group

ရေကြောင်းဖြင့် ကုန်သွယ်မှုပြုလုပ်သည့် သီလ၀ါ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

http://www.myanmaronlinenews.net/2013/09/blog-post_7315.html

0 comments:

Post a Comment