2.9.13

စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဟိုတယ်လုပ်ငန်း၊ စီးပွားရေး အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်းနှင့် အထည်ချုပ် လုပ်ငန်းများအား ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်

စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ စီးပွားရေး အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းနှင့် လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများအား ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က သြဂုတ်လအတွင်း၌ ပြုလုပ်ခဲ့သည့် ကော်မရှင် အစည်းအဝေးများ၌ လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ အခြေစိုက် Daewoo Global Development Pte.Ltd မှ မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် IGE Sin Phyu Shin ကုမ္ပဏီဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် BOT စနစ်ဖြင့် ဟိုတယ်လုပ်ငန်းကို လည်းကောင်း၊ Hyday (South Pacific) Investment Pte., Ltd (စင်ကာပူ) နှင့် Shwe Taung Hyday Development ကုမ္ပဏီ (မြန်မာ) တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံ၊ ရုံးခန်းများနှင့် ၀န်ဆောင်မှုဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းကို လည်းကောင်း၊ Slita Pte Ltd (စင်ကာပူ) နှင့် Myint Myat Htut Khaung International ကုမ္ပဏီ (မြန်မာ) တို့ ပူးပေါင်း၍ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအား လုပ်ကိုင်မည် ဖြစ်သည်။

ကိုရီးယားနိုင်ငံမှ POSCO Coated & Color Steel ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဖြင့် ရောင်စုံအမိုးပြား၊ အပူကာအပြားနှင့် EPS အပြားတို့ ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့်မူ မြန်မာကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်းကာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်၊ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်နှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် အသီးသီး ၀င်ရောက်မြှုပ်နှံထားကြောင်း သိရသည်။

Eleven Media Group

လုပ်ငန်းတိုးချဲ့မည့် ဆီဒိုးနားဟိုတယ် (ရန်ကုန်) ကို တွေ့ရစဉ်

0 comments:

Post a Comment