2.9.13

နှစ် ၅၀ ပြည့် ရွှေရတုပွဲအတွက် လူရည်ချွန်ဟောင်းများ ကြိုတင်တွေ့ဆုံပွဲ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

နှစ် ၅၀ ပြည့် ရွှေရတုပွဲ လုပ်ဆောင်ရန် လူရည်ချွန်ဟောင်းများ ကြိုတင်တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ M3 Food Center ၌ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို မြန်မာတစ်နိုင်လုံးရှိ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ လူရည်ချွန်ဆု ချီးမြှင့်ခံခဲ့ရဖူးသူများ တက်ရောက်ခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော လူရည်ချွန်ဟောင်းများက ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်၊ လုပ်ငန်းစဉ်များ ပြီးမြောက်မှု အခြေအနေကို ပြန်လည်သုံးသပ် တင်ပြခြင်း၊ ဘဏ္ဍာရေး အခြေအနေ တင်ပြခြင်း၊ ရှေ့ဆက်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဆွေးနွေးတင်ပြခြင်း၊ ၂၀၁၄ ခုနှစ် ရွှေရတုပွဲအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းခြင်း စသည်တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲ၌ ပထမဦးဆုံး လူရည်ချွန်ဆုကို ၁၉၆၄ ခုနှစ်က န၀မတန်း၌ ရရှိခဲ့သူ ဒေါ်ပွင့်သန်းက "အန်တီ့အနေနဲ့ ဒီပွဲမှာ လူရည်ချွန်တွေ ပြန်ဆုံတွေ့ရတဲ့အတွက် စိတ်ထဲမှာ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီနှစ်မှာဆိုရင် လူရည်ချွန် အသစ်တွေ ပြန်လည်မွေးဖွားလာတယ်။ အန်တီတို့ခေတ်ကစတဲ့ လူရည်ချွန်ဆိုရင် ငပလီစခန်းမှာ နေရတယ်။ နောက်ပြီး လူရည်ချွန်တွေရဲ့ ကြိုးစားတဲ့ အားမာန်ကို ငယ်စိတ်ငယ်လက်နဲ့ ဖော်ပြနိုင်ခဲ့တယ်။ ခေတ်ချင်းက မတူတော့ဘူး။ အခုခေတ် လူရည်ချွန်တွေဆိုရင် ပိုပြီးတော့ သွက်လက်ထက်မြက်တယ်။ အင်တာနက်ခေတ်ဆိုတော့ သတင်းတွေလည်း မြန်မြန်ရတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် သတိပေးမယ့် သတင်းတွေက အင်တာနက်က အကုန်ရနေတော့ ပိုပြီးတော့တောင် ၀မ်းမြောက်ပါတယ်" ဟု ပြောကြားသည်။

အလားတူ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ လူရည်ချွန်ဆုကို ခုနစ်ထပ်ကွမ်း ရရှိခဲ့သူ ဒေါက်တာဦးအောင်ဇော်မျိုးက "ဒီပွဲမှာ လူကြီးတွေရော လူငယ်တွေရော Generation နှစ်ဆက် သုံးဆက်လောက်က အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လူရည်ချွန်ဆိုတဲ့ စိတ်ဓာတ်ပေါ်မှာ အရင်းခံပြီး လာတွေ့ကြတယ်။ ဆုံကြတယ်။ ကျွန်တော့အနေနဲ့ ပြောမပြတတ်အောင် ၀မ်းသာပီတိ ဖြစ်မိပါတယ်" ဟု ပြောကြားသည်။

ယင်းတွေ့ဆုံပွဲကို လူရည်ချွန်ဟောင်း ၁၁၅ ဦး တက်ရောက်ခဲ့ပြီး လှုဒါန်းရရှိငွေ ၃၈ သိန်းကျော်နှင့် ဒေါ်လာ ၃၀၀ တို့ ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

လူရည်ချွန်ဟောင်းများ ကြိုတင်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပစဉ်

http://www.myanmaronlinenews.net/2013/09/blog-post_2386.html

0 comments:

Post a Comment