2.9.13

ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်ပယ်ဖျက်နိုင်သည့်အချက် မပါသေး

သက်ဆိုင်ရာ ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်ထားသည့် အချက်များ ပါဝင်သည်ဟု ဝေဖန်ခံခဲ့ရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို သြဂုတ်၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီးနောက်ပိုင်း ထိုဥပဒေတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀၀၄) ကို ပြင်ဆင်ပယ်ဖျက်နိုင်သည့်
အချက်များ မပါဝင်သေးကြောင်း သုံးသပ်မှုများ ရှိနေပါသည်။

ဆက်သွယ်ရေး ဥပဒေသစ်ကို နိုင်ငံတော်သမ္မတ ပြဋ္ဌာန်းပြီးချိန်တွင် The Myanmar Telegraph Act, ၁၈၈၅ နှင့် The Myanmar Wireless Telegraphy, ၁၉၃၄ တို့ကို ရုပ်သိမ်းမည်ဖြစ်ပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀၀၄) ကို ဆက်လက်ထားရှိမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဥပဒေနှစ်ရပ် ရှိနေမည့်အသွင် ဆောင်နေကြောင်း သိရှိရပါသည်။

၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေသည် နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ထိန်းချုပ်အရေးယူနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းနှင့် ပတ်သက်သော အရေးယူမှုများကို ပြုလုပ်ခဲ့ရာတွင် ထိုဥပဒေကို အသုံးချပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည့် သာဓကများ ရှိနေသည်။

ပြည်ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းသည် ဆက်သွယ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဦးတည်ခဲ့သည့် ဥပဒေတစ်ရပ် ဖြစ်သော်လည်း ဥပဒေပါ ပုဒ်မ ၇၅ ဖြစ်သည့် နိုင်ငံတော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသော မည်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကိုမဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ ပြည်ထောင်စု အစိုးရအဖွဲ့က သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်၊ ပုဒ်မ ၇၆ ဖြစ်သည့် ၀န်ကြီးဌာန သို့မဟုတ် ယင်းကတာဝန်ပေးအပ်သော ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များအတွက်သော် လည်းကောင်း၊ အများပြည်သူ၏ အကျိုးအတွက်သော် လည်းကောင်း လုပ်ငန်းလိုင်စင် ရရှိသူ တစ်ဦးဦးက လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အတွင်း ၀န်ဆောင်မှု ပြုလုပ်နေမှုကို လိုအပ်ပါက ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် စာတမ်းအမှတ်အသားတို့ကို တင်ပြစေခြင်း ပြုနိုင်သည်၊ ပုဒ်မ ၇၈ ဖြစ်သည့် လိုင်စင်ရရှိသူသည် ပုဒ်မ ၇၇ ပါ ကိစ္စရပ်များ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အား လုံခြုံရေးဆိုင်ရာ ကိစ္စအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိရမည်ဆိုသော အချက်များမှာ အဓိပ္ပာယ် သတ်မှတ်မှုအပေါ် မူတည်၍ အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

သို့ရာတွင် မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ သတင်းအချက် ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ပေးဝေခြင်း၊ သို့မဟုတ် ဖြန့်ချိခြင်းကို ခွင့်ပြုချက်မရှိဘဲ တားမြစ်ခြင်း၊ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းတို့ကို ကျူးလွန်ပါက ထိုသူများကို အရေးယူနိုင်မည့် ပြဌာန်းချက်များကို ထည့်သွင်းထားပါသည်။

ထို့အတူ ဆက်သွယ်ရေး ဥပဒေအရ ချမှတ်သည့် အငြင်းပွားမှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ နစ်နာသူက တင်ပြလာသည့်အခါတွင် ထပ်မံ၍ အယူခံနိုင်ခွင့် ရရှိစေမည့် အယူခံခုံရုံး (Appeal Tribunal) ကို ဖွဲ့စည်းတာဝန် ပေးအပ်ရမည်ဆိုသော အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားပြီး ခုံရုံးတွင် ဥက္ကဋ္ဌအပါအ၀င် ကိုးဦးထက်မပိုသော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းရမည်ဟု သတ်မှတ်ခဲ့ပါသည်။ ခုံရုံးဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရမည်ဖြစ်ကြောင်းနှင့် ခုံရုံးအဖွဲ့ဝင်များသည် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာရပ်၊ ဥပဒေပညာရပ်၊ စီးပွားရေး ပညာရပ်တို့နှင့် စပ်လျဉ်း၍ ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ကျော်ကြားသူများ ဖြစ်ရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့သည် ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်သော ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် လွတ်လပ်သော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် တစ်ရပ်ကို ဥပဒေအာဏာတည်သည့်နေ့မှ နှစ်နှစ်အတွင်း ဖွဲ့စည်းရမည်ဟု ဖော်ပြခဲ့သဖြင့် ထိုအချက်များကို ကွန်ပျူတာ လုပ်ငန်းရှင်များက ကြိုဆိုခဲ့ကြပါသည်။

"ဆက်သွယ်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ထောက်ပြစရာ မရှိတော့ပါဘူး။ ဆက်သွယ်ရေးဝန်ကြီးဌာနက လွှမ်းမိုးချုပ်ကိုင်တယ် ဆိုပေမယ့် နှစ်နှစ်အတွင်းမှာ လွတ်လပ်တဲ့ ဆက်သွယ်ရေး ကော်မရှင် ဖွဲ့ရမယ်ဆိုတဲ့အချက် ပါဝင်လာတဲ့အတွက် ဒါကကောင်းပါတယ်။ နှစ်နှစ်အတွင်းလို့ ဆိုထားတဲ့အတွက် တစ်နှစ်ခွဲအတွင်းလည်း ဖြစ်ရင်ဖြစ်မယ်၊ တစ်နှစ်အတွင်းလည်း ဖြစ်လာနိုင်ပါတယ်။ မြင်တာကတော့ ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း ဒါတွေကို အမြန်ဆုံး ပြုပြင်ဖွဲ့စည်း သွားလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အကြံပြုထားတဲ့ အချက်တွေ အတော်များများကိုလည်း ပြုပြင်ပေးထားတာ တွေ့ရပါတယ်။ အယူခံခုံရုံး သီးခြားဖွဲ့စည်းတဲ့အချက်တွေ International Gateway နဲ့ ပတ်သက်တဲ့ အချက်တွေ၊ လိုင်စင်ကိစ္စမှာ ပြုပြင်ပေးခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးဇော်မင်းဦးက သုံးသပ်ခဲ့သည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ရှိနေတာကို လက်မခံနိုင်ပါဘူး။ ဆက်သွယ်ရေး ဥပဒေ ရှိပြီဆိုရင် အဲဒီဥပဒေ ဆက်ရှိနေဖို့ ဘာလိုဦးမလဲ။ ဒီဥပဒေက အရင်ကတည်းက ကျွန်တော်တို့ ခြိမ်းခြောက်ခံနေရတဲ့ ဥပဒေ၊ ပယ်ဖျက်ပေးဖို့လည်း အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။ မရှိသင့်တော့ပါဘူး။ အကယ်၍ ရှိတယ်ဆိုရင်လည်း . . . . .

ဆက်သွယ်ရေး ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပြီးနောက် ထိုဥပဒေကြမ်းပါ အချက်များကို ပြင်ဆင်နိုင်ရန် လွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံပြီး ညှိနှိုင်းသဘောတူညီမှုများ ပြုလုပ်ခဲ့ပါသည်။

"ကျွန်တော်တို့အနေနဲ့ အဓိက အကြံပြု ဆွေးနွေးခဲ့တဲ့ အချက်တွေက IT Industry တစ်ခုလုံး အဆင်ပြေစေဖို့နဲ့ Regulator က သီးခြားအဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ကို အကြံပြု ဆွေးနွေးခဲ့တာပါ။ အခုဒီဥပဒေကို နိုင်ငံတော် သမ္မတဆီ တင်ပြရဦးမှာပါ။ ပြီးရင်တော့ အပြီးသတ် အတည်ပြုလိမ့်မယ်လို့ ထင်ပါတယ်" ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားခဲ့သည်။

ကော်မရှင် ဖွဲ့စည်းမှုကို ကြိုဆိုမှုများ ရှိသည့်နည်းတူ ကော်မရှင်ကို ၀န်ကြီးဌာနက လွှမ်းမိုးချုပ်ကိုင်ထားမည် ဆိုပါက မေးခွန်းထုတ်စရာ ရှိလာမည်ဆိုသော သုံးသပ်ချက်များလည်း ရှိနေပါသည်။

"ကျွန်တော့်အမြင်မှာ အကယ်၍ လုပ်ပိုင်ခွင့်ကို ကော်မရှင်ကို အားလုံးပေးတယ်၊ ဒီကော်မရှင် ဖွဲ့စည်းတဲ့အခါမှာလည်း ထုံးစံအရ ၀န်ကြီးဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ ကော်မရှင်ဖွဲ့ရာမှာ ပါဝင်မယ်ဆိုရင်လည်း ပြဿနာ မရှိဘူး၊ ဒါလုပ်ထုံးလုပ်နည်းအရ လုပ်တာပါပဲလို့ ယူဆလို့ရတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဒီကော်မရှင်ကို ဖွဲ့ထားတာ မှန်ပေမယ့် ကိစ္စတော်တော်များများကို ၀န်ကြီးဌာနကပဲ တိုက်ရိုက်ကိုင်တွယ်မယ် ဆိုရင်တော့ သဘာဝ မကျဘူးပေါ့။ မဖြစ်လည်း မဖြစ်သင့်ဘူး။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ဟာက ကော်မရှင်ကို ဘယ်လောက်ထိ လုပ်ကိုင်ခွင့် ပေးထားပြီးတော့ ဌာနက ဘယ်လောက်ထိ ချုပ်ကိုင်ထားတယ်ဆိုတဲ့ အချက်အလက်ပေါ်မှာတော့ မူတည်တယ်လို့တော့ ကျွန်တော်တို့ကတော့ မြင်ပါတယ်" ဟု Fairway Web ၏ ပရောဂျက်မန်နေဂျာ ကိုအိမောင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် ဆက်သွယ်ရေး ဥပဒေကြမ်းအပေါ် ပြင်းထန်သည့် ဝေဖန်မှုများ မရှိခဲ့သော်လည်း လိုအပ်သလို ဆွဲဆန့်အရေးယူနိုင်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ဆက်ရှိနေခြင်းကို စိုးရိမ်မှုများ ရှိနေသည်။

"၀ါးလုံးရှည်နဲ့ ယမ်းသလိုလုပ်နိုင်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ရှိနေတာကို လက်မခံနိုင်ပါဘူး။ ဆက်သွယ်ရေး ဥပဒေ ရှိပြီဆိုရင် အဲဒီဥပဒေ ဆက်ရှိနေဖို့ ဘာလိုဦးမလဲ။ ဒီဥပဒေက အရင်ကတည်းက ကျွန်တော်တို့ ခြိမ်းခြောက်ခံနေရတဲ့ ဥပဒေ၊ ပယ်ဖျက်ပေးဖို့လည်း အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်။ မရှိသင့်တော့ပါဘူး။ အကယ်၍ ရှိတယ်ဆိုရင်လည်း Cyber Crime ကိစ္စတွေကို အဓိက ကိုင်တွယ်တဲ့ ဥပဒေပဲ ဖြစ်သင့်ပါတယ်" ဟု အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပယ်ဖျက်ရန် အကြိမ်ကြိမ် တိုက်တွန်းပြောဆို ရေးသားနေသူ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများကိုသာ ရေးဆွဲရန် အာရုံစိုက်နေပြီး Cyber Crime ကိစ္စရပ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်သော အစီအစဉ်များကို လုံးဝလုပ်ဆောင်ခြင်း မရှိသေးသဖြင့် ၎င်းတို့၏ လုပ်ဆောင်မှုနေမှုများသည် "မြေကွက်ကို ခြံစည်းရိုးခတ်ရန်သာ အာရုံစိုက်နေသူများ" ဖြစ်နေသည်ဟု ဦးအောင်လှထွန်းက ဝေဖန်ခဲ့သည်။

သြဂုတ် ၂၁ ရက်က ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ထိုဥပဒေကြမ်းကို ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပါသည်။ ဦးသိန်းညွန့် တင်သွင်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်ဒဏ်များကို လျှော့ပေါ့သတ်မှတ်ရန် အချက်များ ပါဝင်ခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဆက်သွယ်ရေး ဥပဒေ ပေါ်ပေါက်လာပါက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်ရန် မြန်ဆန်မည်ဟု ပြောကြားထားကြောင်း သိရှိရသည်။

"ဒုတိယ၀န်ကြီး ဦးသောင်းတင်ကလည်း လွှတ်တော်မှာ တစ်ခါပြောဖူးတယ်။ အခုလိုမျိုး ဆက်သွယ်ရေး ဥပဒေကြီးစပြီ ဆိုလို့ရှိရင် ၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်တာတွေ၊ ပယ်ဖျက်တာတွေ မြန်သွားပြီ။ အရင် ၂၀၀၄ က ဥပဒေကို လုံးလုံးလျားလျား ဖျက်လိုက်ဖို့ကလည်း ဗြောင်ကြီးဖြစ်သွားမှာလည်း စိုးရတယ်။ အဲဒီအခက်အခဲကြောင့် ဒါကိုခဏလေး ထားထားရသေးတာ။ ဒါပေမဲ့ အဲဒီဥပဒေမှာလည်း အားနည်းချက်တွေ ရှိသေးတယ် ဆိုတာကိုလည်း ပြောထားတယ်။ ဒါလေးကိုတော့ ပြန်ပြင်ဖို့ လုပ်မယ်လို့လဲ ယုံကြည်တယ်" ဟု Yangon Heartz Media and Business Solution ၏ မန်နေဂျင်း ဒါရိုက်တာ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။

"၂၀၀၄ ခုနှစ်ကထုတ်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကတော့ ပယ်ဖျက်သင့်ပြီ။ ရှင်းရှင်းပြောရရင် အဲဒီဥပဒေက တကယ်တမ်း နည်းပညာသမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေ မဟုတ်ဘဲ နည်းပညာသမားတွေ၊ အီလက်ထရောနစ်နဲ့ ပတ်သက်တဲ့ သူတွေကို အရေးယူဖို့ လုပ်ထားတဲ့ ဥပဒေလို့ပဲ ထင်တယ်။ ထောင်ချလို့လွယ်အောင် လုပ်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ကာကွယ်ပေးတဲ့ နေရာမှာ မသုံးပဲ ဖမ်းတဲ့နေရာမှာပဲ သုံးသလို ဖြစ်နေတယ်" ဟု Myanmar Link ၏ CEO ကိုသီဟက ဆိုသည်။

"၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကိုလည်း တော်တော်ကြီး ဝေဖန်နေကြတယ်။ ဦးသိန်းညွန့် ကိုယ်တိုင်ကလည်း လွှတ်တော်မှာ ထောက်ပြထားတယ်။ ဒုဝန်ကြီး ပြောသွားတဲ့ စကားအရ ဒီဆက်သွယ်ရေး ဥပဒေ အတည်မဖြစ်သေးလို့သာ ဒီဥပဒေကို အရှင်ထားတာ။ ဒီဥပဒေကို ဖြုတ်မယ်လို့ ပြောပါတယ်။ အနှေးနဲ့အမြန် ဖြုတ်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပုဒ်မတွေက ထပ်နေတယ်" ဟု ဘလောဂါ တစ်ဦးဖြစ်သည့် ကိုဇော်သူရိန်ထွန်းက ပြောကြားခဲ့သည်။

Eleven Media Group

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် Call Centre အား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

0 comments:

Post a Comment