2.9.13

ကျေးလက်ဖွံ့ဖြိုးရေး ကန်ဒေါ်လာ ၂၂ သန်း တောင်ကိုရီး ယား ထောက်ပံ့မည်

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် တောင်ကိုရီး ယား အစိုးရက အမေရိကန်ဒေါ်လာ ၂၂သန်း ထောက်ပံ့သွားမည်ဟု တောင် ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးဝန်ကြီး Yoo Jeong –bok က ပြောကြားသည်။


မြန်မာနိုင်ငံသို့ ပထမအကြိမ် ရောက်ရှိလာခဲ့သောအမျိုးသားလုံခြုံရေးနှင့် ပြည် သူ့စီမံခန့်ခွဲရေးဝန်ကြီး Yoo Jeong –bok သည် ၎င်း၏ ဒုတိယနေ့ ခရီးစဉ်အတွင်း၌ ယင်းထောက်ပံ့ငွေ ပေးအပ်ရန် အတွက် မြန်မာ အစိုးရနှင့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ၁၉၇၀ ပြည့်နှစ်တွင် တောင်ကိုရီး ယားနိုင်ငံတစ်ဝန်း အောင်မြင်စွာ အကောင်အထည် ဖော်ခဲ့သော ‘ကျေးရွာ သစ် လှုပ်ရှားမှု စီမံကိန်း’ကို မြန်မာနိုင်ငံတွင် ဖော်ဆောင်နိုင်ရန်အ တွက် ထောက်ပံ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ ‘ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း’ ကို အကောင်အထည် မဖော် မီ တောင်ကိုရီးယားနိုင်ငံမှ ပညာရှင်များက ယင်းစီမံကိန်း၏ ရှေ့ပြေး စီမံကိန်းတစ်ရပ်အဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးရှေ့ ကျေးရွာနှင့် သန်လျင်မြို့နယ် သနပ်ပင်ကျေးရွာတွင် အကောင်အ ထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရှေ့ပြေးစီမံကိန်းအတွက် တောင်ကိုရီးယားအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးသောင်းကျော် ထောက်ပံ့မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုရေးထိုးခဲ့သော နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာသည် ယင်းစီမံကိန်းကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် တိုးချဲ့ ဆောက်ရွက်ပေးသွားရန်အတွက် ဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည့်အတွက် ‘ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း’ ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကဏ္ဍ ကို အခြေခံ၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှ ပညာရှင်များ စေလွှတ်၍ ဒေသခံများကို သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်ကာလအထိ အကောင်အထည် ဖော်ခဲ့သော အဆိုပါ ‘ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း’ သည် အစိုးရ၏ အထောက်အပံ့များ၊ ချေးငွေများဖြင့် ကျေးလက်ဒေသ တွင်းရှိ ပြည်သူများ တစ်နိုင်တစ်ပိုင် ငွေအားလူအားများ စိုက်ထုတ်၍ ရွာပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း မြို့နယ်အလိုက်၊ ကျေးရွာအလိုက် စုပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘောဒီယား၊ ယူဂန်ဒါ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နှင့် နီပေါနိုင်ငံများတွင် ယင်းစီမံကိန်းများ အကောင်အ ထည် ဖော်နိုင်ရန်အတွက် အလားတူ အထောက်အပံ့များ ပေးအပ်ခဲ့ဖူးသည်။

The Voice Weekly

0 comments:

Post a Comment