2.9.13

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ အစိုးရ ထိန်းချုပ်ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိနေ

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အစိုးရထိန်းချုပ် ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက "ကျွန်တော်တို့ နောက်ဆုံးရထားတဲ့ စာရင်းတွေအရတော့ ကချင်ပြည်နယ်မှာ ၃၉၀၀၀ ကျော် ရှိပြီးတော့ ရခိုင်ပြည်နယ်မှာ ၁၁၀၀၀၀ ခန့် ရှိပါတယ်" ဟု ပြောကြားသည်။

ရွှေ့ပြောင်းဒုက္ခသည်များမှာ ရခိုင်ပြည်နယ်တွင် ငါးပုံတစ်ပုံနီးပါးထိ ရှိနေပြီး ကချင်ပြည်နယ် ဒေသတွင်မူ အစိုးရထိန်းချုပ်ရာ ကယ်ဆယ်ရေးစခန်း ခြောက်ခုသာ ဖွင့်လှစ်ထားသောကြောင့် စစ်တမ်းအရ ရွှေ့ပြောင်းဒုက္ခသည် နည်းပါးရခြင်းဖြစ်ကြောင်း၊ အခြားအဖွဲ့အစည်းများ၏ ကယ်ဆယ်ရေးစခန်းများနှင့် တွက်ချက်မည်ဆိုပါက ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ တစ်သိန်းခွဲခန့်ထိ ရှိနေမည်ဖြစ်ကြောင်း လူမူကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်များအရမူ မြန်မာနိုင်ငံ၌ စစ်ပြေးဒုက္ခသည်များနှင့် ရွှေ့ပြောင်းဒုက္ခသည် စုစုပေါင်း ၆၃၂၀၀၀ ကျော် ရှိနေသည်ဟု ဆိုထားသည်။

ကချင်ပြည်နယ်၌ ပြန်လည်နေရာ ချထားရေးအတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သော မိုင်းရှင်းလင်းရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နိုင်နေပြီဖြစ်ကြောင်း လူမူဝန်ထမ်း ပြန်လည်နေရာချထားရေး ဌာနမှ သိရသည်။

ယင်းအပြင် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်လည်း အဆင့်သင့်ဖြစ်နေပြီးဖြစ်ကြောင်း၊ နေရပ်မပြန်လို သူများအတွက် လက်ရှိနေထိုင်သည့် နေရာများတွင် နေအိမ်များ ဆောက်လုပ်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင် အစိုးရမှ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်တို့တွင် ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group

ကချင်ပြည်နယ် မိုင်းနားစိန့်ဂျိုးဇက် ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

http://www.myanmaronlinenews.net/2013/09/blog-post_644.html

0 comments:

Post a Comment