15.9.13

ဘေးလ်၊ ရော်နယ်ဒိုတို့ ဂိုးသွင်းခဲ့ပေမယ့် နိုင်ပွဲရပ်တန့်သွားတဲ့ ရီးရဲလ်

ဗီလာရိးရဲလ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ရီးရဲလ်တို့ သရေကျခဲ့ပေမယ့်
ရော်နယ်ဒိုကတော့ ၂၀၃ပွဲမှာ ၂၀၃ဂိုးသွင်းနိုင်ခဲ့သူဖြစ်လာပြီး
ဘေးလ်အတွက်လည်း ပထမဆုံးပွဲမှာ ပထမဆုံး ကန်ချက်နဲ့အတူ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်ဟာ အိမ်ကွင်းအားသာချက်နဲ့ ရီးရဲလ်ကို တန်ပြန်ကစားသွားခဲ့ပြီး ပီပီရဲ့ အမှားကတစ်ဆင့် ဗီလာရီးရဲလ် ဂိုးသွင်းခွင့်စရခဲ့ပြီး ဒီယေဂိုလိုပက်ဇ် ကာကွယ်နိုင်ခဲ့လို့ စောစောစီးစီး ဂိုးစမပေးခဲ့ရတာပါ။



အဲဒီနောက်မှာလည်း ဗီလာရီးရဲလ်ရဲ့ တိုက်စစ်ပိုင်းက ရီးရဲလ်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒို့စ်ဆန်းတို့စ်ရဲ့ပိတ်သွင်းမှုကို ကာဘာဂျယ် ရှင်းထုတ်နိုင်ခဲ့လို့ ရီးရဲလ် သက်သာရာ ရခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်(၂၁)မှာတော့ ဗီလာရီးရဲလ်တို့ အဖွင့်ဂိုးရသွားခဲ့ပြီး ဆိုရီယာနို ကန်သွင်းတဲ့ ဘောလုံး ရာမို့စ်နဲ့ထိပြီး ပြန်ထွက်လာတာကို ကာနီက ထပ်ဆင့်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ရီးရဲလ်တို့ ချေပဂိုးပြန်ရဖို့ ဖိအားပေးလာခဲ့ပြီး ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်ကို ဗီလာရီးရဲလ် ဂိုးသမား အဆန်ဂျို ကာကွယ်နိုင်ခဲ့သလို၊ ရော်နယ်ဒို အခွင့်အရေး တစ်ကြိမ်ဖြုန်းတီးပစ်ခဲ့တာကြောင့် ရီးရဲလ်တို့ ဂိုးမရခဲ့ဘဲ ပွဲချိန် ၃၉မိနစ်အရောက်မှာ ကာဘာဂျယ်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကို ဘေးလ်က ပိတ်သွင်းပြီး ရီးရဲလ်အတွက် ချေပဂိုး ရယူပေးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်တို့ ဦးဆောင်ဂိုးထပ်ရခွင့် ကြုံခဲ့ပေမယ့် တကယ်ဂိုးရသွားတာက ရီးရဲလ်ဖြစ်ပြီး ဒီဂိုးကို ရော်နယ်ဒိုက သွင်းခဲ့တာပါ။ ဒီဂိုးဟာ တကယ်တော့ ကံကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဘန်ဇီမာ ကန်လိုက်တဲ့ ဘောလုံးကို အဆန်ဂျို ပုတ်ထုတ်ရာမှာ ရော်နယ်ဒိုရသွားပြီး ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ဟာ ဗီလာရီးရဲလ် နောက်ခံလူ မူဆက်ချီယိုနဲ့ထိ၊ ရော်နယ်ဒိုကိုပြန်မှန်ပြီး ဂိုးဝင်သွားခဲ့တာပါပဲ။ ဒါပေမဲ့ ရီးရဲလ်ရဲ့ ဦးဆောင်မှုဟာ (၆)မိနစ်ပဲ ကြာခဲ့ပြီး ဗီလာရီးရဲလ်အတွက် ဒို့စ်ဆန်းတို့စ်က ချေပဂိုးပြန်သွင်းသွားခဲ့တာကြောင့် ရီးရဲလ်တို့ အမှတ်ပေးဇယား အဆင့်(၄)နေရာကို ရောက်သွားခဲ့ရပါတယ်။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment