21.9.13

နယ်စပ် ဒုက္ခသည်စခန်းတွေမှာပါ သန်းခေါင်စာရင်း ကောက်ယူမည်

ကယားပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက် ရထားပြီးဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရရဲ့ ၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအစီအစဉ်ကို ထိုင်းမြန်မာနယ်စပ် စစ်ဘေးဒုက္ခသည်စခန်းတွေ အပါအဝင် ပြည်နယ်တစ်ခုလုံး အတိုင်းအတာနဲ့ ကောက်ယူသွားမယ်လို့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။


ထိုင်း မြန်မာနယ်စပ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးကနေတဆင့် အဆက်အသွယ်ပြုလုပ်ပြီး စာရင်းကောက်ခံသွားမှာဖြစ်ကြောင်း လွိုင်ကော်မြို့ မြို့တော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က အခုလိုပြောကြားခဲ့တာပါ။

“နယ်စပ်ကလူတွေကိုတော့ ကျနော်တို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဒုက္ခသည်စခန်းကိုတော့ ဒီကနေပြီးတော့ တာဝန်ယူပြီးတော့ကောက်မှာပါ၊ ဥပမာအားဖြင့် ပြည်ပရောက်နေတဲ့ ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ ဒုက္ခသည်စခန်းက အဖွဲ့တွေကိုတော့ မြန်မာနိုင်ငံသံရုံးတွေကတဆင့် ကောက်ပေးမှာဖြစ်ပါတယ်၊ အခု သန်းခေါင်စာရင်းကောက်ဖို့အတွက်ကို ကောက်ကွက်မြေပုံတွေဆွဲတာကအစ ငြိမ်းချမ်းရေးအဖွဲ့တွေ အကုန်လုံးက ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါ၊ Blacklist ထဲပဲပါပါ၊ FRC ပဲကိုင်ကိုင်၊ မှတ်ပုံတင်မရှိတဲ့လူပဲဖြစ်ဖြစ်၊ အိမ်ထောင်စုစာရင်း မရှိတဲ့လူပဲဖြစ်ဖြစ် အားလုံးကိုကောက်ပါမယ်”

ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကယားပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ကယားပြည်နယ်အတွင်း အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက် ကြာကောက်ခံသွားမယ်လို့ ပြည်ထောင်စုအစိုးရက ကြေညာထားပါတယ်။

RFA Burmese

0 comments:

Post a Comment