8.10.13

ဒေါ့မွန် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ပြင်ဆင်လာသည့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုရုရှား ဒေါ့မွန် ကွင်းလယ်ကစားသမားဖြစ်သူ အယ်လ်ကေး ဂွန်ဒိုဂန်ကို ဇန်နဝါရီလမှာ
 ခေါ်ယူဖို့ ပြင်ဆင်လာမည် ဖြစ်ကြောင်း
 ဒေလီစတား သတင်းစာမှ ဖော်ပြခဲ့သည်။
အာဆင်နယ်အနေနှင့် မတ်ဆု အိုဇေးကို မခေါ်ယူနိုင်မီက ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးသည်။

၂၂ နှစ်သား ဂွန်ဒိုဂန်ဟာ လက်ရှိစာချုပ်အရ ဒေါ့မွန်အသင်းမှာ ၂၀၁၅ ခုနှစ်အထိ ရှိနေမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရန်အတွက် ငြင်းဆန်ထားသည့် ကစားသမား ဖြစ်သည်။ ဂွန်ဒိုဂန် နုရင်ဘတ်အသင်းမှာ ကစားနေစဉ်ကလည်း မန်ယူနိုက်တက်အနေနှင့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ကစားသမားကိုယ်တိုင်ကလည်း မန်ယူနိုက်တက်ဟာ သူ၏ အိမ်မက်အသင်းဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံခဲ့ဖူးသည်။

သို့သော်လည်း ဒေါ့မွန်အသင်းဟာ ဂွန်ဒိုဂန်ကို ပေါင် ၄ သန်းဖြင့် ကြားဖြတ် ခေါ်ယူနိုင်ခဲ့သည်။ ပေါင် သန်း ၃၀ ခန့် တန်ကြေးရှိမည့် ဂွန်ဒိုဂန်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒါဏ်ရာကြောင့် အနားယူနေရသည်။ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ဖလားပွဲတစ်ပွဲ၊ အမှတ်ပေးပွဲ တစ်ပွဲသာ ပါဝင်ကစားခွင့် ရခဲ့သေးသည့် ဂွန်ဒိုဂန်ဟာ ဂျာမဏီမှာ ယနေ့ ထွက်ပေါ်နေသည့် သတင်းများအရ ဇန်နဝါရီ လမတိုင်ခင်အထိ အနားယူရနိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့်လ ကတည်းက စာချုပ်သစ်အတွက် ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်ပြီး စာချုပ်သစ်နဲ့ ပါတ်သက်၍ ဂွန်ဒိုဂန်က “စာချုပ်သစ်အတွက် ဆွေးနွေးနေကြတဲ့အထဲမှာ ဘယ်အချက်အလက်တွေ ပါဝင်သလဲဆိုတာကို ကျနော် ထုတ်ဖော်ပြောနေမှာ မဟုတ်ပါဘူး။ အားလုံး ဒီအတွက် စောင့်ကြရမှာပါ။ ကျနော့် ဒါဏ်ရာကြောင့် အသင်းမှာ ပါဝင်ခွင့် ရဖို့ စောင့်စားနေရသလိုမျိုးပဲပေါ့။” ဟု ပြောကြားခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

0 comments:

Post a Comment