24.10.13

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်မွမ်းမံမှု ဗြိတိသျှအစိုးရ ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုပြော


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်မွမ်းမံရေးနှင့်
အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ဘဏ္ဍာရေးအရ ကူညီမည်ဟု အောက်တိုဘာ ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး ဂျက်စတင်း ဂရင်းနင်းတို့သည် ဒေါင်းနင်းလမ်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ကုတင် ၁၅ဝဝဆန့် ရန်ကုန်မြို့၏ ရှေးအကျဆုံး ဆေးရုံကြီး ပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ကူညီမည်ဟု ပြောဆိုခဲ့သည်။

“ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးဟာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဆေးရုံအဆင့်မြှင့်မွမ်းမံရေးအတွက် ကူညီမှာပါ”ဟု ဖွံ့ဖြိုးရေးဝန်ကြီး ဂရင်းနင်း၏ ပြောဆိုချက်ကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးက ကိုးကားပြီး ဖော်ပြခဲ့သည်။

ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး အဆင့်မြှင့်မွမ်းမံရေးကော်မတီနှင့် အတူ ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီးဌာနက လက်တွဲလုပ်ကိုင်နေကြောင်း ကြေညာချက်အတွင်း ဖော်ပြခဲ့သည်။ ကုန်ကျမည့် ငွေကြေး ပမာဏအတိအကျကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

Kamayut Media

0 comments:

Post a Comment