24.10.13

ငွေကြေးသုံးစွဲသလောက် အောင်မြင်မှုမရသည့် ရီးယဲလ်အသင်း၏ အပြောင်းအရွှေ့ပေါ်လစီအား ဂျူဗီဂိုးသမားဘတ်ဖွန် မေးခွန်းထုတ်

ဂျူဗင်တပ်စ်အသင်း၏ အီတလီဝါရင့်ဂိုးသမား ဘတ်ဖွန်က ယနေ့(ဗုဒ္ဓဟူး)ညတွင်
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် ရီးယဲလ်အသင်း၏ အပြောင်းအရွှေ့ပေါ်လစီနှင့်
ပတ်သက်၍ မေးခွန်းထုတ်ဝေဖန်လိုက်ကြောင်း Reuters သတင်းက ဖော်ပြခဲ့သည်။

ဘတ်ဖွန်က ပြီးခဲ့သည့်ခုနှစ်များအတွင်း ရီးယဲလ်အသင်း သည် အပြောင်းအရွှေ့အသုံးစရိတ်များ မြောက်မြားစွာ အသုံးပြုကာ ကစားသမားများ ခေါ်ယူထားသော်လည်း ထိုက်တန်သလောက် အောင်မြင်မှုမရရှိသည့်အတွက် ရီးယဲလ်အသင်း၏ ကြယ်စင်စု အပြောင်းအရွှေ့ပေါ်လစီကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ထိပ်သီးကစားသမားများဖြစ်သော စီရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ကဲ့သို့သော ကစားသမားများကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးများအဖြစ် ယူရိုသန်း ၂၀၀ ခန့် အသုံးပြုခေါ်ယူခဲ့သည့်အပြင် အခြားကစားသမားအများစုကို ခေါ်ယူထားသော်လည်း ယနေ့ခေတ် မော်ဒန်ဘောလုံးလောကတွင် အောင်မြင်မှုရယူနိုင်ရန် မလွယ်ကူတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဘတ်ဖွန်က ဆိုခဲ့သည်။

“ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က အတွေးအခေါ်မျိုးနဲ့တော့ အဆင်မပြေတော့ပါဘူး။ အဲဒီတုန်းက ရီးယဲလ်ဟာ ထိပ်သီးကစား သမားတွေဝယ်၊ ပရိသတ်တွေကို ဖျော်ဖြေမှုတွေပေး၊ သမိုင်းအစဉ်အလာကြီးခဲ့ပေမယ့် အခုဘောလုံးလောကမှာတော့ အောင်မြင်မှုရဖို့ မလွယ်ကူတော့ပါဘူး။ အဲဒါထက် ပိုကောင်းတာကတော့ လူငယ်စီမံကိန်းတွေရှိတာ၊ စိတ်ရှည်သည်းခံမှုနဲ့ အသင်းရဲ့ ဟန်ချက်ကို ညီညွှတ်အောင် လုပ်ဆောင် နိုင်ဖို့ လိုအပ်တာပါ။ ငွေကြေးသုံးစွဲတယ်ဆိုတာ ကောင်းတယ်ဆိုပေမယ့် အောင်မြင်မှုရဖို့အတွက်တော့ ငွေကြေး တစ်ခုတည်းနဲ့မလုံလောက်ပါဘူး”ဟု စပိန်သတင်းစာ Marca နှင့် တွေ့ဆုံရာတွင် ဘတ်ဖွန် က ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ဖလားကို ကိုးကြိမ်အထိ ရယူထားနိုင်သော ရီးယဲလ်အသင်းသည် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ကစားသမားခေါ်ယူမှု
အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ယူရို သန်း ၆၀၀ ကျော်သုံးစွဲထားခဲ့ပြီး စပိန်တွင် ငွေကြေးသုံးစွဲမှုအမြင့်ဆုံးဖြစ်ခဲ့သည်။ ၎င်းတို့၏ငွေကြေးသုံးစွဲမှုမှာ ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ် ဆုဖလားအပါအ၀င် ဖလားသုံးလုံးရယူနိုင်ခဲ့သည့် ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်း၏ သုံးစွဲ ငွေ ယူရို ၂၂၇ သန်းထက် သုံးဆခန့်မြင့်မားခဲ့ကြောင်း သိရသည်။ ထို့ အပြင် အဆိုပါငါးနှစ်အတွင်း ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းမှာ သုံးစွဲငွေ ယူရိုသန်း ၅၅၀ ခန့်ရှိခဲ့ပြီး စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ် အသင်းမှာမူ ယူရို ၂၇၄ သန်းခန့်သာ ရှိခဲ့သည်။

ဆက်လက်၍ ဂျူဗင်တပ်စ်အသင်းဂိုးသမား ဘတ်ဖွန်က ရီးယဲလ်အသင်းသည် ယခုနှစ်ရာသီအစတွင် မော်ရင်ဟို၏နေရာတွင် အစားထိုးခဲ့သော နည်းပြသစ် အန်စလော့တီ၏ လက်အောက်တွင် ပိုမိုတိုးတက်လာကြောင်းလည်း ဆိုခဲ့သည်။ ဘတ်ဖွန်သည် ရီးယဲလ်အသင်းနည်းပြ အန်စလော့တီ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အန်စလော့တီ၏ လက်အောက်တွင် ရီးယဲလ်အသင်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသော ပြင်သစ်ကွင်းလယ်လူ ဇီဒန်းနဲ့အတူ ကစားခဲ့ဖူးသူလည်းဖြစ်သည်။

ဘတ်ဖွန်က ချန်ပီယံလိဂ်ဖလားကို အေစီမီလန်နှင့်အတူ နှစ်ကြိမ်တိုင်ရယူထားနိုင်သော အန်စလော့တီသည် ရီးယဲလ်အသင်းအတွက် အောင်မြင်မှုများရယူပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ “ရီးယဲလ်အသင်း ချန်ပီယံလိဂ်မှာ အောင်မြင်မှုနဲ့ဝေးနေတာကို အဖြေရှာပေးနိုင်မယ့်သူကတော့ အန်စလော့တီပဲဖြစ်ပါတယ်။ သူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုတွေက ရီးယဲလ်အသင်းအတွက် တကယ့်ကို အကျိုးရှိစေပါတယ်”ဟု ဘတ်ဖွန်က ဆက်လက်ပြောကြားခဲ့သည်။

အောင်သုတ
Mizzima - News in Burmese

0 comments:

Post a Comment