16.10.13

ဝိတ်လျှော့နေစဉ် အနှစ်သက်ဆုံး အစားအသောက်များကို မျက်ကွယ်ပြုမထားသင့်

ကိုယ်အလေးချိန် အောင်မြင်စွာ လျှော့ချနိုင်ခဲ့သူ အများအပြားကို မေးမြန်း ခဲ့သည့်
စစ်တမ်းရလဒ်တွင် ၎င်းတို့ အနေဖြင့် ချော့ကလက်ကို ခုံခုံမင်မင် စားသုံးခဲ့ကြောင်း အများစုက ဖြေဆိုခဲ့ကြသည်။

ဝိတ်လျှော့နေစဉ် အနှစ်သက်ဆုံး အစားအသောက်များကို မျက်ကွယ်ပြု မထားသင့်ဝိတ်လျှော့နေစဉ်အတွင်း မိမိကြိုက်နှစ်သက်သည့် အစား အသောက်များကို လုံးဝ ဖြတ်တောက်ထားခြင်းမျိုး မပြုလုပ်သင့်ကြောင်း သုတေသီများက အကြံပြု ပြောကြားလိုက်သည်။

ကိုယ်အလေးချိန် အောင်မြင်စွာ လျှော့ချနိုင်ခဲ့သူ အများအပြား ကို မေးမြန်းခဲ့သည့် စစ်တမ်းရလဒ်တွင် ၎င်းတို့ အနေဖြင့် ချော့ကလက်ကို ခုံခုံမင်မင် စားသုံးခဲ့ကြောင်း အများစုက ဖြေဆိုခဲ့ကြသည်။ အမေရိကန် နိုင်ငံမှ သုတေသီများသည် ခန္ဓာကိုယ် အလေးချိန် လျှော့ချမှု အစီအစဉ်တွင် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့သူ အမျိုးသား၊ အမျိုးသမီး (၂၁၀၀)ကျော်ကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ယင်းတို့အနက် (၉၀)ရာခိုင်နှုန်းက မိမိတို့သည် အကြိက်ဆုံး အစားအစာ တစ်ခုဖြစ်သည့် ချော့ကလက်ကို ဝိတ်လျှော့နေစဉ် ကာလတစ်လျှောက် မရှောင်မရှားဘဲ စားသောက်ခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။

အာဟာရ သုတေသီ တစ်ဦးဖြစ်သည့် ဂျာနက် အေလော့တ်က ချော့ ကလက်သည် ကိုယ်အလေးချိန် လျှော့ချသူများအတွက် သင့်တော်သည့် အထောက်အကူပြု အစားအစာ တစ်မျိုးဟု မှတ်ချက်ပေးခဲ့ပြီး အနာဂတ် တွင် ပြင်းပြင်းထန်ထန် အစားအသောက် အငတ်ပြတ်ခံ ဝိတ်လျှော့မှုမျိုး မရှိနိုင်တော့ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်မတို့ရဲ့ သုတေသန ရလဒ်တွေက အစားအသောက် လုံးဝ မစားဘဲ ဝိတ်လျှော့ တာမျိုးတွေဟာ အရှုံးနဲ့ ရင်ဆိုင်ရတာမျိုးဆီကို ဦးတည်သွားကြောင်း ညွှန်ပြနေပါတယ်။ အရေးကြီးတဲ့ အချက်က ကိုယ်အလေးချိန် လျှော့ချ ချင်တဲ့အခါ ကိုယ့်အကြိုက်ကို နည်းနည်းငဲ့ပြီး ပိုပြီး သက်တောင့်သက်သာ ရှိနိုင်တဲ့ နည်းလမ်းမျိုးက ချဉ်းကပ်သင့်တယ် ဆိုတာပါပဲ"ဟု အေလော့တ်က ဆိုသည်။

ယခင်သုတေသန ရလဒ်များ အရလည်း ဝိတ်လျှော့ချင်ဇောဖြင့် ချော့ ကလက်၊ ဝိုင်နှင့် ဘီစကွတ် အစရှိသည့် မိမိတို့ နှစ်သက်သည့် အစားအသောက်များကို လုံးဝ ရှောင်လွှဲလိုက်ခြင်းက ဆန့်ကျင်ဘက် သက်ရောက်မှုမျိုး ဖြစ်လာနိုင်သည်ကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဝိတ်လျှော့သူ တစ်ဦးအနေဖြင့် မိမိ သဘောအကျဆုံး အစားအသောက် တစ်ခုခုကို စားခွင့် မရသည့်အခါ အခြား အစားအသောက်များကို ပိုမို၍ အစားထိုးလေ့ ရှိတတ်ကြောင်း ပညာရှင်များက လက်ခံထားသည်။ အခြားသော သုတေသန စစ်တမ်းတစ်ခုက တစ်လလျှင် သုံးကြိမ်မျှ တန်ရုံသင့်ရုံ ပမာဏမျိုး ချော့ကလက် စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်သည်ဟု ထောက်ခံထားကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment