11.12.13

ရန်ကုန်ဆိပ်ကမ်း များတွင် တရားမဝင်ကုန်စည် လမကုန်မီ စတင်စစ်ဆေးမည်

မြန်မာတစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် တရားမဝင် ဝင်ရောက်လာသော ကုန်စည်များ တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများကို ယခုနှစ် ဒီဇင်ဘာလ မကုန်မီ အချိန်အတွင်း စစ်ဆေးမှုများ စတင်သွားမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက The Voice သို့ ပြောကြားသည်။


ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင် ကုန်စည် တားဆီး ထိန်းချုပ်ရေးအတွက် ဝင်ရောက် ဆောင်ရွက်ရန် ပြီးခဲ့သည့် တစ်လကျော်လောက်ကပင် ခွင့်ပြုချက်ရထားပြီး ဖြစ်ကာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အကောက်ခွန် ဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်း ကိစ္စရပ်များ ညှိနှိုင်းနေသည့် အတွက်ကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းအဖွဲ့ တာဝန်ခံလည်းဖြစ်သူ ၎င်းကရှင်းပြသည်။

“ကုန်သွယ်မှုရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြစ်တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကို ဝင်ဖို့ အသေးစိတ် ပြင်ဆင်ထားပြီး ဖြစ်တယ်။ မကြာမီ အချိန်အတွင်းမှာ ဝင်ရောက် စစ်ဆေးသွားမယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး လှုပ်ရှားအဖွဲ့ ဝင်ရောက်မည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ခုနစ်ခုမှာ အေးရှားဝေါ ဆိပ်ကမ်း၊ ထီးတန်း ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ အမှတ် (၄) သီလဝါ ဆိပ်ကမ်း (MIPL) နှင့် မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း (MITT) တို့ ဖြစ်သည်။

ယင်းသို့ တရားမဝင် ကုန်သွယ်မှု စစ်ဆေးသော လှုပ်ရှားအဖွဲ့များ (Mobile Team) ကြောင့် ကုန်စည် စီးဆင်းမှုနှင့် လုပ်ငန်း ဆောင်ရွက်ရာတွင် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း ကုန်သည်နှင့် လုပ်ငန်းရှင်တချို့က ဝေဖန်ကြသည်။
“ကျွန်တော်တို့ ဒီဆိပ်ကမ်းတွေမှာ ဝင်စစ်တယ် ဆိုတာကလည်း တကယ်တော့ ရှင်းရှင်းလေးပါ။ သူတို့ ပုံမှန်လုပ်နေကျအတိုင်း လုပ်တာကို ကျွန်တော်တို့က ဘေးကနေ ထိုင်ကြည့်နေတဲ့ သဘောပါပဲ။ ဒီကုန်ပစ္စည်းကို စစ်တာ နာရီဝက် ကြာမယ်ဆိုရင် ဘာမှပြဿနာ မရှိရင် နာရီဝက်ပဲ ကြာမှာပေါ့” ဟု ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

ရန်ကုန် ပြည်တွင်းဆိပ်ကမ်း ခုနစ်နေရာတွင် ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ပညာပေးကာလနှင့် စက်တင်ဘာလအတွင်း အရေးယူ ကာလတို့ဖြင့် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ တရားမဝင် ကုန်စည် ဝင်ရောက်မှု တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အမှုတွဲ ၂၃ ခုနှင့် တန်ဖိုး ကျပ်သန်း ၃၃၆ ဒသမ ၈၃၇ ကို တားဆီး အရေးယူထားကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံခြားမှ တင်သွင်းသော တရားမဝင် ယမကာများကို ရန်ကုန်မြို့အနှံ့ စစ်ဆေး နေမှုကြောင့် နိုင်ငံတကာ အမှတ်တံဆိပ် ယမကာဈေးများ မိုးထိုးလျက်ရှိသည်။

The Voice

0 comments:

Post a Comment